October 18, 2024

၂၈. ၁ .၂၀၂၄
Written by Hey Mar

ဆောက်လက်စ ငါးထပ်တိုက်အမြင့်ကနေ လုပ်သားတစ်ဦး ပြုတ်ကျကာ အရေးအပေါ်အခြေအနေ တင်ပို့ကုသနေရတဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၂၈ ရက် မနက် ၈ နာရီကျော်က ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိကူညီခဲ့သူ မြွေမင်းသားကြီးကိုတိုးအောင်က MT News ကို ပြောပါတယ်။

ဖြစ်စဥ်က မရမ်းကုန်းမြို့နယ် (၂ )ရပ်ကွက်၊ အောင်ဇေယျလမ်းအတွင်း ဆောက်လက်စတိုက် ငြမ်းပေါ်ကနေ ​အသက် ၃၀ ကျော် အမျိုးသားတစ်ဦး ပြုတ်ကျခဲ့ပြီး ဦးခေါင်း ဘယ်ဘက်ဂျိုစောင်း ချိူင့်ဝင်သွေးထွက်ဒဏ်ရာ၊ လက်ကောက်ဝတ် အရိုးကျိုးဒဏ်ရာနဲ့ ကျောရိုး ဒဏ်ရာတွေ ရရှိခဲ့ကာ ရတနာဖြိုးလူမှုကယ်ဆယ်ရေးအသင်း(သမိုင်းအသင်းရုံး)ကို ဆက်သွယ်ပြီး ရတနာဖြိုးအသင်းကားနဲ့ အင်းစိန်ဆေးရုံ ခွဲစိတ်ကုသဆောင်ကို တင်ပို့ကုသနိုင်ရေး ဆောင်ရွက်ပေးခဲ့တာလို့ သိရပါတယ်။

မျက်မြင် တွေ့ရှိကာ မြေပြင်ကူညီမှုဆောင်ရွက်ပေးခဲ့သူ မြွေမင်းသားကြီးကိုတိုးအောင်က “ကျွန်တော်တို့ နဲ့ နှစ်အိမ်ကျော်လောက်ကတိုက်ကဖြစ်တာ။ ပထမ ကျွန်တော့်မျက်လုံးထဲ မဲမဲအရာတစ်ခု အရင်ပြုတ်ကျတာကို မြင်လိုက်တာ။ ပြီးတော့ လူပါ ပြုတ်ကျလာတာ။ ကျွန်တော် ချက်ချင်းသွားပြီး လူနာကို ရှေးဦးပြုစုနည်းအရ A.B.C အဆင့်ခွဲ စစ်ဆေးတယ်။ အဲ့ဒီလိုမစစ်ဆေးဘဲ ချက်ချင်းကောက်ကိုင်လိုက်လို့ ကျောရိုး၊ ခါးရိုး ထိထားသူဆို အောက်ပိုင်းပါ သေသွားနိုင်ပါတယ်။ ခေါင်း ပြင်းထန်ထိခိုက် အနီရောင်အဆင့်မို့ နီးစပ်ရာ အသင်းရုံးတွေဆီ ချက်ချင်း ဆက်သွယ်တော့ ရတနာဖြိုးအသင်းကားက မိနစ်ပိုင်းအတွင်းရောက်လာပြီး အင်းစိန်ဆေးရုံကို တင်ပို့ လိုက်နိုင်ပါတယ်။ Safety First ဆိုတာ အလကားပြောနေတာမဟုတ်ဘူး။ လူ့အသက်ထက် ဘယ်အရာမှ အရေးမကြီးဘူး။ အမြင့်ကို ခြေလွတ်လက်လွတ် အကာအကွယ်ကြိုးမပါဘဲ ဆောက်လုပ်ရေး လုပ်သားတွေ မတက်သင့် မလုပ်သင့်ဘူး”လို့ MT News ကို ပြောပါတယ်။

ဓာတ်ပုံ – ကိုတိုးအောင်

Leave a Reply

Your email address will not be published. Required fields are marked *