October 18, 2024

၂၇. ၁. ၂၀၂၄
Written By Thandar

မေတ္တာဒရာမာရသစုံဇာတ်လမ်းပုံစံ “မေတ္တာဟူသည်”ရုပ်သံဇာတ်လမ်းတွဲ မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ The Next Bar မှာ ကျင်းပခဲ့ပါတယ်။

“အချစ်တစ်ခုကို ကိုးကွယ်လိုက်ပြီဆိုရင် ဘဝကြီးပျက်သွားနိုင်တာကို ပြသချင်တဲ့ စိတ်နဲ့ ဒီဇာတ်လေးကို ဖန်တီးဖြစ်တာပါ။ မိသားစု ချစ်ခင်မေတ္တာတင်မဟုတ်ဘဲ ပရလောကသား ဝိဉာဥ်တွေပတ်သက်တာတွေလည်းပါပါတယ်။ လူ့ဘဝမှာတုန်းက ကောင်းမှုကုသိုလ် မလုပ်ခဲ့တော့ ဝိဉာဉ်တစ်ကောင်အနေနဲ့ ဘယ်လောက် ဒုက္ခရောက်တတ်လဲဆိုတာကို ဒီကားမှာဖော်ကျူးထားပါတယ်။ ကျွန်တော့်ရဲ့ နှစ်ကိုယ်ခွဲဇာတ်လမ်းလေးပါ”လို့ သရုပ်ဆောင် ခွန်သာချိုက ပြောပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲရဲ့ ဇာတ်လမ်း၊ ဇာတ်ညွှန်းပိုင်းကို ခွန်သာချိုက ရေးသားထားပြီး ဒါရိုက်တာ ခီနာက သရုပ်ဆောင် ခွန်သာချို ၊ ခိုင်နိုး၊ မှူးသခင် ၊ လားဒင့်ထားရီ ၊ အကယ်ဒမီ အောင်ခိုင် ၊ အကယ်ဒမီ ဝါဝါအောင် ၊ အိမ့်ခြူးပွင့် ၊ ဧကရီ စတဲ့သူတွေနဲ့ ရိုက်ကူးထားသလို အပိုင်း ၁၀ ပိုင်းပါဝင်ပြီး တေးရေး တေးဆို ခိုင်နိုးက ဇာတ်ဝင်တေးသီချင်းတစ်ပုဒ် ပါဝင်သီဆိုထားတာလည်းဖြစ်ပါတယ်။

“ပထမ တစ်ကား သားဦးသားနှောင်း ကားမတိုင်ခင်ထဲက အစ်ကိုနဲ့အတူ သီချင်းလေးလုပ်ဖြစ်ခဲ့တယ်။ ပထမကားမှာ ပါဝင်ဖြစ်ခဲ့သလို ဒုတိယမြောက် ဇာတ်ကားဖြစ်တဲ့ ဒီကားမှာ ကျွန်တော် ထပ်ပြီး ပါဝင်ပေးဖြစ်တာပါ။ ဒီကားမှာ အင်မတန်သဘောကောင်းပြီး လူတစ်ယောက်ကို သနားကြင်နာပြီးကူညီနိုင်မယ့် ရွာသားလေး ငဒွတ်ဆိုတဲ့ကာရိုက်တာ ပါဝင်ထားပါတယ်။ မင်းသမီးရဲ့ အဓိက ဗီလိန်ဇာတ်လေးပါ “လို့ အဆိုတော် သရုပ်ဆောင်ခိုင်နိုးက ပြောပါတယ်။

“မေတ္တာဟူသည်”ရုပ်သံဇာတ်လမ်းတွဲကို လာမယ့် ဖေဖော်ဝါရီ ၂၄ ရက် စနေနေ့နဲ့ တနင်္ဂနွေနေ့မှာ Fortube TV က အပတ် စဉ် ထုတ်လွှင့်ပြသမှာဖြစ်ပြီး တနင်္လာနေ့ နဲ့ အင်္ဂါနေ့တိုင်းမှာ HEY Play Applcation က ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *