October 18, 2024

၂၇. ၁. ၂၀၂၄
Written by Nay Moe

Power 54 လို့ နာမည်ကျော်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့ သက်ရှိထင်ရှားရင်သွေး ဦးအောင်ဆန်းဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ အမွေဆိုင်ခြံကို ကြမ်းခင်းစျေး ကျပ် ၃၁၅ ဘီလျံနဲ့ ရောင်းချပြီး မောင်နှစ်မနှစ်ဦး အညီအမျှ ခွဲယူဖို့ဆုံးဖြတ်မှုမှာ တရားနိုင်ခဲ့တဲ့ ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးမျိုးမောင်မောင်စိုးကို ဒေါ်အောင်ဆန်းစုကြည်ထောက်ခံသူတွေက သတ်ဖြတ်ဖို့ ​လှုံ့ဆော်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အာဏာရယူထားချိန်မှာ ခြံကိုခွဲယူဖို့ ဆုံးဖြတ်ချိန် ဒေါ်အောင်ဆန်းစုကြည်ကို အသာပေးထားတဲ့ တရားရုံးစီရင်ချက်ကို မကျေနပ်တဲ့ ဦးအောင်ဆန်းဦးက ဒီခြံကို လေလံတင်ရောင်းချပြီး အညီအမျှခွဲဝေယူဖို့ အယူခံတက်ချိန်မှာ အနိုင်ရခဲ့တာပါ။

NUG ဟာ ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမွေဆိုင်ခြံကို အမွေအနှစ်အဖြစ် ၂၀၂၃ ခုနှစ်အတွင်း သတ်မှတ်ပြီး ဒီခြံနဲ့ ပတ်သက်လို့ရောင်းချသူတွေကို အရေးယူမယ် ကြေညာပြီးနောက်မှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ကြမှ ဒီ အမွေဆိုင်ခြံကို ကျပ် ၃၁၅ ဘီလျံနဲ့ ရောင်းချဖို့ ကမာရွတ်ခရိုင်တရားသူကြီးကအမိန့်ချတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အဲဒီနောက်မှာ တရားနိုင် ဦးအောင်ဆန်းဦးရဲ့ ရှေ့နေဦးမျိုးမောင်မောင်စိုးက ခြံအမှတ် ၅၄ ကို ကျပ် ၃၁၅ (ဒေါ်လာ သန်း ၉၀ ခန့်) ဘီလျံနဲ့ လေလံကြမ်းခင်းစျေး သတ်မှတ်ပေးဖို့တင်ပြစာက လူမှုကွန်ရက်မှာထွက်ပေါ်လာတာကြောင့် NLD၊ NUG၊ PDF နဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေက တရားနိုင်ဦးအောင်ဆန်းဦးရဲ့ရှေ့နေ ဦးမျိုးမောင်မောင်စိုးကို သတ်ဖြတ်ဖို့ စတင်လှုံ့ဆော်လာနေတာဖြစ်ပါတယ်။

ဒီအမွေဆိုင်ခြံနဲ့ပတ်သက်ပြီး ဦးအောင်ဆန်းဦးက ညီမငယ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သာ ပြတိုက်လုပ်ဖို့သဘောတူမယ်ဆိုရင် တစ်စက္ကန့်မခြားသဘောတူမယ်လို့ ကမ္ဘာသိအောင် ဖြေဆိုထားဖူးပေမဲ့ ဒီအမွေဆိုင်ခြံကို ​အနှစ် ၄၀ နီးပါး တစ်ဦးတည်းရယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်က သဘောမတူတာကြောင့် မောင်နှမချင်းကြား အမွေမှု နှစ် ၂၀ ကျော်ဖြစ်ခဲ့ပြီးနောက်မှာ ခြံကိုရောင်းချပြီး အညီအမျှခွဲဝေယူဖို့ ဖြစ်လာခဲ့တာပါ။

လက်ရှိမှာတော့ တရားနိုင်ရှေ့နေ ဦးမျိုးမောင်မောင်စိုးကို သတ်ဖြတ်ဖို့အပြင် လေလံဆွဲ ဝယ်ယူသူကို သတ်ဖြတ်ဖို့လည်း NLD၊ NUG၊ PDF နဲ့ ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတွေက လှုံ့ဆော်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *