October 18, 2024

၂၇. ၁. ၂၀၂၄
Written by Nyein Kyaw

လူငယ်ကစားသမားများ နိုင်ငံတကာအတွေ့အကြုံရရှိစေရန်အတွက် မြန်မာနိုင်ငံတွင် ယူ-၁၅ လိဂ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့အချုပ်(FIFA) နှင့် ပူးပေါင်းလုပ်ကိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဇန်နဝါရီ ၂၆ ရက်တွင် ပြုလုပ်သည့် လိဂ်ပြိုင်ပွဲများ၊ ကလပ်အသင်းများ၊ ဖူဆယ်လိဂ်နှင့်ကလပ်များ၊ လူငယ်ဘောလုံးဖွံ့ဖြိုးရေး အစီအစဉ်များ ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိတွင် မြန်မာဘောလုံးအကယ်ဒမီ၌ ယူ-၁၂နှင့် ယူ-၁၃ လူငယ်ကစားသမားများကို ပူးတွဲထည့်သွင်းပြီး လေ့ကျင့်ပေးမှုများ ဆောင်ရွက်ပေးနေသည့်အပြင် အဆိုပါလူငယ်များ ပြိုင်ပွဲအတွေ့အကြုံများ ပိုမိုရရှိစေရန် မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှားတို့မှ လူငယ်များ မိမိလေယာဉ်ဖြင့် လာ‌ရောက်လျှင် မြန်မာနိုင်ငံ၌ နေရာ ထိုင်ခင်းနှင့် ကျွေးမွေးမှုများ စီစဉ်ပေးမှုကိုပါ ဆောင်ရွက်ထားကြောင်း သိရသည်။

အဆိုပါ ယူ-၁၂နှင့် ယူ-၁၃ လူငယ်ကစားများအား ယူ-၁၅ လိဂ်သို့ တက်လှမ်းနိုင်‌ရေးမှတစ်ဆင့် ယူ-၁၇ ကမ္ဘာ့ဖလား ဝင်ရောက်နိုင်သည်အထိ ဆောင်ရွက်လျက်ရှိခြင်းကြောင့် အရေးကြီးသည့် ယူ-၁၅ လူငယ်ကစားသမားများ နိုင်ငံတကာနှင့် ပြည်တွင်း အတွေ့အကြုံများ ပိုမိုရရှိစေရန်အတွက် ပြည်တွင်း၌ ယူ-၁၅ လိဂ်ကို FIFA နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ စဉ်းစားတာက ယူ-၁၂၊ ယူ-၁၃ တွေကို နေစရာပဲပေးပြီးတော့ မလေးတို့၊ ထိုင်းတို့၊ အင်ဒိုနီးရှားတို့ သူတို့လေယာဉ်နဲ့ သူတို့လာ။ ကန်ချင်ရင် ဒီမှာလာကန်။ ကျွန်တော်တို့ ထမင်းကျွေးမယ်။ ဒီကလေးတွေကို အဲဒီလောက်ထဲက ကျွန်တော်တို့ ပြိုင်ပွဲအတွေ့အကြုံပေးဖို့ လုပ်ရမယ်။ ဒီမှာသူတို့က ဘယ်ရောက်သွားလဲဆိုတော့ ကျွန်တော်တို့က ယူ-၁၅ ရယ်၊ ယူ-၁၆၊ ယူ-၁၇ ကမ္ဘာ့ဖလား။ ဒါပြီးရင် ကျွန်တော်တို့ ယူ-၁၇ ကမ္ဘာ့ဖလား သွားဖို့အတွက် ဒီအသင်းကို နှစ်နှစ်ပြည့်ရင် ကျွန်တော်တို့ အများကြီးဖြစ်နိုင်တယ်။ အဲဒီကြောင့် ယူ-၁၅ လိဂ်ကို FIFA နဲ့ ပေါင်းပြီးလုပ်ဖို့ ကျွန်တော်တို့က စဉ်းစားထားတယ်” ဟု ဦးဇော်ဇော်က ပြောသည်။

လတ်တလောအချိန် ယူ-၁၅ လိဂ်အတွက် ရွေးချယ်ထားသည့် ကစားသမားဦးရေ ၈၀ ကျော်ရှိပြီး လက်ရှိတွင် ဂျပန်နည်းပြက လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် ယူ-၁၅ Training များ ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးဇော်ဇော်က ပြောသည်။

“သူ့ရဲ့ ရည်မှန်းချက်က ယူ-၁၇ အနည်းဆုံး အာရှခြေစစ်ပွဲအောင်ရမယ်။ ပြီးရင် ဖြစ်နိုင်ရင် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဝင်ရမယ်။ ဒါက ကျွန်တော်တို့အနေနဲ့ ပြင်ထားတာ။ ကျွန်တော်တို့အနေနဲ့ ဒီအဆင့်ကို ယူ-၁၇၊ ယူ-၁၅ အဆင့်ကို တိုင်းနဲ့ပြည်နယ်ရယ်၊ ပညာရေးရယ်၊ ဘောလုံးအဖွဲ့ရယ်က တာဝန်ယူမယ်” ဟု ဦးဇော်ဇော်က ပြောသည်။

ထိုမှတစ်ဆင့် မြန်မာ ယူ-၁၈၊ ယူ-၁၉၊ ယူ-၂၀ ကစား သမားများအတွက်ကိုမူ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ Project ဖြင့် မြန်မာ ယူ-၂၀ လိဂ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ကမ္ဘာ့ဖလားအဆင့်အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *