၂၇. ၁. ၂၀၂၄
Written by Nay Moe
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူဘာမထီ PDF စခန်းကို လုံခြုံရေးတပ်ဖွဲ့က မီးရှို့ဖျက်ဆီးသွားသလို PDF ၂ ဦးဟာလည်း စီးနင်းတိုက်ပွဲမှာ သေဆုံးသွားတယ်လို့ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ဖြစ်စဥ်က ဇန်နဝါရီ ၂၂ ရက် မနက် ၁၀ နာရီလောက်မှာ စစ်ကြောင်းထိုးလာတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ကျစ်ပြင်ရွာထဲဝင်သွားပြီး အဲ့ဒီကနေတစ်ဆင့် ဆက်လက် စစ်ကြောင်းထိုးလာချိန် ဆိပ်ဖြူဘာမထီ PDF အထိုင်စခန်းကို စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်တာပါ။
ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဆိပ်ဖြူဘာမထီစခန်း မီးလောင်မှုမှာ ဆိုင်ကယ်၊ စခန်း၊ လက်နက်ခဲယမ်းတချို့အပါအဝင် သိန်း ၁၃၀ ကျော်ဖိုး ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
ဆိပ်ဖြူဘာမထီက ထုတ်ပြန်တဲ့ပုံတွေအရ မီးလောင်ပြင်မှာ ရုပ်အလောင်း ၂ လောင်းရှိနေပေမဲ့ ဆိပ်ဖြူဘာမထီအဖွဲ့ကတော့ ရဲဘော်စပါးကြီးဆိုသူအတွက်ပဲ ဝမ်းနည်းစာထုတ်ခဲ့ပြီး ကျန်တဲ့ PDF တစ်ဦးရုပ်အလောင်းက ဘယ်သူဖြစ်တယ်ဆိုတာ ထုတ်ပြန်မထားသလို Facebook သုံးစွဲသူတစ်ဦးကလည်း သေဆုံးသွားတဲ့ PDF ကို “မူးပီးကျန်နေခဲ့တာလေ ငါတို့ကားတေဆီက မတရားသဖြင့် အလှူခံထားတဲ့ငွေတေနဲ့ မျိုဆို့ပီး(သတ်ပုံမူရင်း)” လို့ မှတ်ချက်ပေးထားတာကို ဆိပ်ဖြူဘာမထီ PDF အဖွဲ့က Sad React ပေးပြီး မတုံ့ပြန်နိုင်တာကိုလည်း ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် ထုတ်ပြန်ချက် ပို့စ်အောက်မှာ မြင်ရပါတယ်။