October 18, 2024

၂၇.၁.၂၀၂၄
Written By Thandar

နာမည်ကြီးအဆိုတော် အငဲရဲ့ ‘အကြည့်’ သီချင်း သီဆိုတဲ့အိုက်တင်နဲ့ Facebook ပေါ်မှာ လူသိများခဲ့သူ ဝမ်းတွင်းမြို့ ခင်ကြီးရွာသူ Facebook Cele မဝေဝေမြင့်နဲ့ Zin U Cho ကုမ္ပဏီတို့ ထုတ်ကုန် မိတ်ဆက်ကြော်ငြာရိုက်ကူးရေးကို ဒီနေ့ ဇန်နဝါရီ ၂၇ ရက် မနက်ပိုင်းက ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။

“အစ်မကတော့ အခုလောက်ထိ ကြော်ငြာရိုက်ကူးတာတွေကအစ ကမ်းလှမ်းခံရတော့ အရမ်းကို ပျော်ပါတယ်။ ဒီအရာတွေက အစ်မလုပ်ယူထားတဲ့ အရာမဟုတ်ဘူး။ ကံတရားက ဒီအချိန်မှာ ဒီလိုတွေဖြစ်လာမယ်ဆိုတော့ ဖြစ်ကို ဖြစ်လာရတာပေါ့။ ကံစေရာ နောက်ကို လိုက်နေရတာပေါ့။ ကိုယ့်အတွက်ချည်းပဲ မကြည့်ဘဲ အခုဆိုရင် ရတဲ့ အနုပညာကြေးကို ဘုန်းကြီးကျောင်းမှာ လှူဒါန်းလိုက်တယ်။ အဝတ်အစားနှစ်စုံဖိုးပဲ ကျန်ပါတယ်။ ကိုယ့်အတွက် ရှိသလို ဒီကရတဲ့ အနုပညာကြေးတွေကိုလည်း လမ်းခင်းဖို့အလှူထဲမှာလည်း ပါဝင်လှူဒါန်းသွားမှာပါ။ အခုလိုမျိုး အနုပညာအလုပ်တွေ လုပ်ပြီး ရတဲ့ အနုပညာကြေးတွေကို ကိုယ်လှူချင်တာလှူခွင့်ရတဲ့အတွက်လည်းအရမ်းဝမ်းသာပါတယ် ”လို့ မဝေဝေမြင့်က MT Newsကိုပြောပါတယ်။

အဆိုပါ ရှုတင်ရိုက်ကွင်းမှာတော့ Zin U Cho Trading ကုမ္ပဏီပိုင်ရှင် ဦးသိန်းထိုက်ဦး ၊ လိုင်လီစိန်ရွှေရတနာဆိုင်ပိုင်ရှင် မမေဦးကဗျာနဲ့ မဝေဝေမြင့်တို့က အတူတကွပူးပေါင်းပြီး လုပ်ငန်းကြော်ငြာတွေ လုပ်ဆောင်ဖြစ်ခဲ့တာကို ပြောပြလာပါတယ်။

“မဝေက အခုလောလောဆယ်မှာလည်း ပရိသတ်အချစ်ခံရတဲ့ ဆယ်လီတစ်ဦးလည်းဖြစ်တယ်။ မဝေက လိုင်းပေါ်မှာ တက်လာတာလေ၊ အငဲရဲ့ သီချင်းကို စင်အောက်ကနေ လိုက်ဆိုနေတဲ့ ဖိုင်လေးကို ကြည့်ပြီး သဘောကျလို့ အခုလိုမျိုး ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့တာပါ။ အစ်မကိုလည်း အရမ်းလည်း ရိုးသားတဲ့သူဖြစ်သလို သူ့ရဲ့ ပုံစံလေးကိုလည်း သဘောကျလို့ နောက်ပြီး သူ့အနေနဲ့က ရတဲ့အနုပညာကြေးတွေကို ပြန်လှူဒါန်းတဲ့သူဖြစ်တဲ့အတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးတဲ့အနေနဲ့ကြော်ငြာရိုက်ဖြစ်ခဲ့တာပါ”လို့ Zin U Cho Trading
ကုမ္ပဏီပိုင်ရှင်ဦးသိန်းထိုက်ဦးက MT News ကို ပြောပါတယ်။

ဒါ့အပြင် Zin U Cho Trading ကုမ္ပဏီပိုင်ရှင် ဦးသိန်းထိုက်ဦး၊ လိုင်လီစိန်ရွှေရတနာဆိုင်ပိုင်ရှင် မေဦးကဗျာတို့က ငွေကျပ် သိန်း ၂၀ နဲ့အတူ Foot Massage စက်တစ်လုံး၊ စိန်နားကပ်တစ်ရံကိုပါ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *