October 18, 2024

၂၆. ၁. ၂၀၂၄
Written by Nay Aung

ပိုလန်နိုင်ငံက အမျိုးသမီးတစ်ဦးဟာ ကမ္ဘာ့ဂင်းနစ်စံချိန်အသစ်တင်နိုင်ဖို့အတွက် ရေခဲတွေထည့်ထားတဲ့ ပုံးထဲမှာ ၃ နာရီကျော်နေထိုင်ခဲ့ကြောင်း သိရပါတယ်။

ပိုလန်အမျိုးသမီးတစ်ဦးဖြစ်တဲ့ အသက် ၄၈ နှစ်အရွယ်ရှိ ဂျူကူဘောစကွာ အမည်ရှိ အမျိုးသမီးဟာ ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ဖို့ ပုံးထဲဝင်ခဲ့ပြီး ရေခဲတုံးတွေကို သူမရဲ့လည်ပင်းအထိ သွန်လောင်းချစေခဲ့ကာ ၃ နာရီကျော်ကြာ အချိန်ကုန်ဆုံးစေခဲ့တာ ဖြစ်ပါတယ်။

ဂျူကူဘောစကွာဟာ သူမရဲ့လည်ပင်းအထိ ဖုံးအုပ်ထားတဲ့ရေခဲတုံးတွေနဲ့အတူ ပုံးထဲမှာ ၃ နာရီ၊ ၆ မိနစ်နဲ့ ၄၅ စက္ကန့်ကြာ နေထိုင်ပြခဲ့တာဖြစ်တယ်လို့ ကမ္ဘာ့ဂင်းနစ်မှတ်တမ်းအဖွဲ့က ပြောပါတယ်။ ဂျူကူဘောစကွာဟာ ကမ္ဘာတဝှမ်းရှိအမျိုးသမီးတွေထဲမှာ ခန္ဓာကိုယ်တစ်လုံးကို ရေခဲအပြည့် ဖုံးအုပ်ပြီး အချိန်အကြာဆုံးနေထိုင်နိုင်တဲ့အမျိုးသမီးတစ်ဦးအဖြစ် သတ်မှတ်ခံလိုခဲ့သူဖြစ်ကြောင်း သိရပါတယ်။

ခန္ဓာကိုယ်တစ်လုံးကို ရေခဲအပြည့် ဖုံးအုပ်ပြီး သေတ္တာပုံးထဲမှာ ၃ နာရီနဲ့ ၆ မိနစ်ကျော်နေထိုင်နိုင်တဲ့ ဂျူကူဘောစကွာရဲ့စံချိန်ဟာ ပိုလန်အမျိုးသားတစ်ဦးဖြစ်တဲ့ Krzysztof Gajewski ရဲ့စံချိန်ကို လိုက်မှီဖို့ မိနစ်အနည်းငယ်သာ လိုခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ပိုလန်အမျိုးသားကတော့ ခန္ဒာကိုယ်တစ်လုံးကို ရေခဲအပြည့် ဖုံးအုပ်ပြီး သေတ္တာပုံးထဲမှာ ၃ နာရီ၊ ၁၁ မိနစ်နဲ့ ၇ စက္ကန့်ကြာနေထိုင်နိုင်တဲ့စံချိန်ကို ရရှိခဲ့ကြောင်း သိရပါတယ်။

ဂျူကူဘောစကွာက “အမျိုးသမီးတွေထဲမှာတော့ ကျွန်မဟာ ရေခဲတုံးတွေထည့်ထားတဲ့ ပုံးထဲမှာ အချိန်အကြာဆုံးနေထိုင်နိုင်တဲ့အမျိုးသမီးတစ်ဦးဖြစ်မယ်လို့ ယုံကြည်ထားတယ်။ ကျွန်မဟာ တစ်စုံတစ်ခုကို လိုချင်တယ်ဆိုရင် အဲဒါကို ရအောင်လုပ်ဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသချင်တာပါ ” လို့ ပြောပါတယ်။

ရုပ်သံဖိုင်ထဲမှာ ဂျူကူဘောစကွာ အမည်ရှိ အမျိုးသမီးဟာ ခြောက်ပေကျော်ရှိတဲ့ ပုံးတစ်ခုထဲကိုအရင်ဝင်ကာ မတ်တတ်ရပ်နေခဲ့ပြီး ပုံးအပြင်ဘက်ရှိ လူနှစ်ဦးက ရေခဲတုံးတွေကို လည်ပင်းနားရောက်တဲ့အထိ သွန်ချပေးခဲ့ကြောင်းဖော်ပြထားပါတယ်။

Ref UPI

Leave a Reply

Your email address will not be published. Required fields are marked *