
MT News
Written by Tha Doe
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က မသမာသူများ၏ တရားမဝင်ငွေလွှဲပြောင်းမှုနှင့် ငွေကြေးလိမ်လည်မှုကာကွယ်ရန် Mobile Pay များ အချက်အလက်ပြည့်စုံစွာ ဖြည့်သွင်းရမည်ဖြစ်ပြီး လုပ်ဆောင်မှုမရှိပါက အပြီးတိုင်ပိတ်သိမ်းမည်ဟု ကြေညာပြီးနောက် KBZ Pay အသုံးပြုနေသည့် ပြည်သူများအနက် ငွေကြေးပမာဏများပြားသော အကောင့်များ ပိတ်သိမ်းခံနေရသဖြင့် K Pay သုံးစွဲသူပြည်သူများ အခက်ကြုံနေရပြီး အဆိုပါ အကောင့်ပိုင်ရှင်များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ email ပေးပို့အကြောင်းကြား ဖြေရှင်းရမည်ဖြစ်ကြောင်း KBZ Pay က စက်တင်ဘာ ၂၁ ရက်တွင် အသိပေးထားသည်။
လက်ရှိအချိန်တွင် K Pay အသုံးပြုသူများအနေဖြင့် K Pay ဖွင့်လှစ်ထားသော ဖုန်းနံပါတ်၊ Sim Card အမှတ်တူညီသည့်ကြားမှ ပိတ်ပင်ခံနေရခြင်းဖြစ်ပြီး ထိုသို့သော အပိတ်ခံရသူအများစုမှာ Online Shopping လုပ်ကိုင်သူများကဲ့သို့ ငွေပေးငွေယူ Transaction များပြားသူများဖြစ်ကာ အဆိုပါ ပိတ်ပင်ခံရသူများမှာ အကြမ်းဖက်မှုများနှင့် ငြိစွန်းသည်ထက် ဗဟိုဘဏ်က ပိတ်ပင်ခိုင်း၍ ပိတ်ရခြင်းဖြစ်သည်ဟု သုံးစွဲသူများက မှတ်ချက်ပြုနေချိန်တွင် KBZ Pay က ယင်းတို့ပိတ်ပင်သည့် K Pay အကောင့်များကို ဗဟိုဘဏ်သို့သာ မေးလ်ပို့ဖြေရှင်းရန် ထုတ်ပြန်လာခြင်းဖြစ်သည်။
” K Pay ဖွင့်ထားတဲ့အကောင့်နဲ့ အရောင်းအဝယ်လုပ်တဲ့အကောင့်ကို ငွေသွင်းငွေလွှဲများလို့ဆိုပြီး ပိတ်သွားတယ်။ KBZ Pay ကို မေးတော့လည်း ဗဟိုဘဏ်က အပိတ်ခိုင်းလို့ ဗဟိုဘဏ်ကိုပဲ မေးလ်ပို့ဖြေရှင်းရမယ်ပြောတယ်။ သူတို့က User အခက်အခဲဖြေရှင်းမပေးဘဲ မျက်နှာလွဲ ခဲပစ်လုပ်သလိုဖြစ်နေတယ်” ဟု စက်တင်ဘာ ၂၀ ရက်တွင် K Pay အကောင့်အပိတ်ခံရသူတစ်ဦးက ပြောသည်။
၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (FIL) နှင့်အညီ ဘဏ်လုပ်ငန်းများနှင့် ဘဏ်လုပ်ငန်း မဟုတ်သော ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) က ခွင့်ပြုထားသည့် လိုင်စင်ရယူပြီး လုပ်ငန်းလည်ပတ်လျက် ဝန်ဆောင်မှုများ ပေးနေခြင်းဖြစ်သည်။ အခန်း ၅၊ အပိုဒ် ၁၃ အရ လိုင်စင်ရ ဘဏ်လုပ်ငန်းများအားလုံးသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လိုအပ်သလို အခါအားလျော်စွာ ညွှန်ကြားလာသည့် ၂၀၁၅ ခုနှစ် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ AML/CTF များအပါအဝင် အမိန့်ထုတ်ပြန်ချက်များ၊ စည်းမျဥ်းစည်းကမ်းများ၊ ညွှန်ကြားချက်များကို အပြည့်အဝ လိုက်နာကျင့်သုံးနေရသည်။
ထို့သို့သော အခြေအနေတွင် အချို့သောသုံးစွဲသူများအတွက် အဆင်မပြေမှုများဖြစ်ခဲ့ရသည့်အပေါ် စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ထို့အတွက်ကြောင့် သုံးစွဲသူများအနေဖြင့် မိမိတို့၏ အကောင့်များအား မှားယွင်းစွာ ယာယီအသုံးပြုခွင့် တားမြစ်ထားခံရသည်ဟု ယုံကြည်ပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တိုက်ရိုက် အကျိုးအကြောင်းတင်ပြနိုင်ပြီး မိမိတို့၏အကောင့်များအား ပြန်လည်ဖွင့်လှစ် အသုံးပြုနိုင်ရေး အကျိုးအကြောင်းတင်ပြလိုသည့် သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ complaint@cbm.gov.mm သို့ အီးမေးလ်းတိုက်ရိုက်ပေးပို့ အကြောင်းကြားနိုင်သည်ဟု ဖော်ပြထားသည်။
KBZPay တွင် ကိုယ်ရေးကိုယ်တာ အသုံးပြုမှုများအတွက် KBZPay Customer App(အပြာရောင်) နှင့် စီးပွားရေးလုပ်ငန်းများအတွက် KBZPay Partner App (အနီရောင်) နှစ်မျိုးရှိပြီး အဆိုပါရည်ရွယ်ချက်နှင့်အညီ အသုံးပြုသူများ ငွေရေးကြေးရေးများကို စီမံခန့်ခွဲရာတွင် မိမိတို့၏ တစ်ကိုယ်ရေ သို့မဟုတ် လုပ်ငန်း လိုအပ်ချက်အပေါ်မူတည်၍ သက်ဆိုင်ရာ KBZPay application အားအသုံးပြုရန် တိုက်တွန်းထားပြီး application တစ်ခုချင်းစီ၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်များကို တရားဝင် ဝက်ဘ်ဆိုက် (သို့) သက်ဆိုင်ရာ application တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း KBZ Pay ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။