October 18, 2024

၂၄.၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန် စာရေးဆရာ၊ သတင်းစာဆရာ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အီး ဂျင်း ကာရိုးလ်က အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို စွဲဆိုထားတဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ အသရေဖျက်မှုစွဲချက် နှစ်ခုအတွက် ထရန့်က ကာရိုးလ်ကို အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၃ သန်းလျော်ကြေးပေးဆောင်ဖို့ နယူးယော့ခ်မြို့တရားရုံးက ဇန်နဝါရီ ၂၆ ရက်မှာ အမိန့်ချခဲ့ပါတယ်။

ဒီအမှုက နယူးယော့ခ်မဂ္ဂဇင်းမှာ ၂၀၁၉ ခုနှစ်၊ ဇွန်လက ကာရိုးလ် ရေးခဲ့တဲ့ဆောင်းပါးတစ်ပုဒ်အရ စတင်ပေါ်ပေါက်လာခဲ့တာပါ။ ဆောင်းပါးက ကာရိုးလ်ရဲ့နောက်ထပ်ထွက်လာခဲ့တဲ့စာအုပ်မှာ ကောက်နုတ်ချက်အဖြစ် ဖော်ပြခံခဲ့ရပါတယ်။ ကောက်နုတ်ချက်မှာ ကာရိုးလ်က ထရန့်ဟာ သူမကို ၁၉၉၆ ခုနှစ် အစောပိုင်းက နယူးယော့ခ်မြို့၊ မန်ဟတ်တန်ရပ်ကွက်က စတိုးဆိုင်တစ်ခုရဲ့ အဝတ်လဲခန်းအတွင်းမှာ မတရား ပြုကျင့်ခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

ထရန့်က သူမတရားပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲမှုတွေအပေါ် ငြင်းပယ်မှုပြုခဲ့ပြီး ကာရိုးလ်အနေနဲ့ နိုင်ငံရေးအရ သူ့အပေါ် ပူးပေါင်းကြံရွယ်ခဲ့တာလို့ပြောခဲ့ပြီးနောက်မှာတော့ ၂၀၁၉ ခုနှစ်မှာ ကာရိုးလ်က အသရေဖျက်မှုနဲ့ စတင်တရားစွဲခဲ့တာပါ။အဲဒီနောက် ထရန့်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးပြီးနောက်မှာ လိင်ပိုင်းဆိုင်ရာစော်ကားမှုနဲ့ ထပ်မံ တရားစွဲခဲ့တာပါ။

ကာရိုးလ်ကို လျော်ကြေးပေးဖို့ စီရင်ချက်ချမှတ်စဉ်အချိန်က ဒေါ်နယ်ထရန့်ဟာ တရားရုံးထဲမှာ ရှိမနေခဲ့ပါဘူး။ ဒီနောက်မှာတော့ ထရန့်က စီရင်ချက်ကို လုံးဝအဓိပ္ပါယ်မရှိ ရယ်ဖွယ်ရာပဲလို့ လှောင်ပြောင်ပြောကြားခဲ့ပါတယ်။ သူ့အနေနဲ့ အယူခံဝင်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း ဆိုပါတယ်။ စီရင်ချက်အရ ကာရိုးလ်က ဂုဏ်သိက္ခာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတို့အတွက် လျော်ကြေးငွေ ဒေါ်လာ ၁၈ ဒသမ ၃ သန်းနဲ့ ထရန့်ကကျုးလွန်ခဲ့တာတွေအတွက် ပြန်လည်ဒဏ်ခတ်မှုအဖြစ် ဒေါ်လာ ၆၅ သန်း စုစုပေါင်း ဒေါ်လာ ၈၃ ဒသမ ၃ သန်းရရှိမှာပါ။

ကာရိုးလ်ကတော့ ဒီစီရင်ချက်က အမျိုးသမီးတစ်ဦးကို အနိုင်ကျင့်မှုပြုဖို့ ကြိုးစားသူတိုင်းအပေါ် ကြီးမားသောအောင်မြင်မှုရယူလိုက်နိုင်တာပဲလို့ ဆိုခဲ့ပါတယ်။

Ref; CNN, The Guardian

Leave a Reply

Your email address will not be published. Required fields are marked *