October 18, 2024

၂၇. ၁. ၂၀၂၄
Written by Pan Ei

ဉာဏ်ရည်တု AI ကို အသုံးပြုပြီး မဖွယ်မရာပုံအတုတွေ ဖန်တီးခံရကာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ အလွဲသုံးစား ပြုလုပ်ခံနေရတဲ့ သားကောင်တွေထဲ ကမ္ဘာကျော် အဆိုတော် တေလာဆွစ်ပါ အကျော်ကြားဆုံး သားကောင်တစ်ယောက်ဖြစ်ခဲ့ရပြီး အဲ့ဒီပုံတွေဟာ အခုသီတင်းပတ်အတွင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်း X(အရင် Twitter) မှာ အတော်လေးကို ပွဲဆူစေခဲ့တာကြောင့် မဖွယ်မရာ ပုံအတုတွေ ဖန်တီးခြင်းကို ရာဇ၀တ်မှုမြောက်စေဖို့ အမေရိကန် နိုင်ငံရေးသမားတွေက ဥပဒေသစ်တစ်ရပ် တောင်းဆိုခဲ့ကြပါတယ်။

AI နဲ့ ပြုပြင်ထားတဲ့ တေလာဆွစ်ရဲ့ မဖွယ်မရာပုံတွေကို X နဲ့ Telegram အပါအဝင် လူမှုကွန်ရက်စာမျက်နှာတွေမှာ တင်ခဲ့ကြတာဖြစ်သလို ပုံတွေ ပျံ့နှံ့ပြီးတဲ့နောက် X က ပုံတွေကိုဖယ်ရှားလိုက်ပုံရပြီး တေလာဆွစ်ရဲ့ ပုံတစ်ပုံဟာ ဖြုတ်ချခြင်းမပြုမီ အကြိမ်ရေ ၄၇ သန်း ကြည့်ရှုမှုခံခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်က လေ့လာမှုတစ်ခုအရ AI ပေါ်ပေါက်လာခြင်းကြောင့် ၂၀၁၉ ခုနှစ်က စတင်ကာ ပုံအတုတွေ ဖန်တီးမှုက ၅၅၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် ညစ်ညမ်းရုပ်ပုံတွေ၊ ဗီဒီယိုတွေကို Deepfakes လုပ် ဖန်တီးခံရတဲ့ ပစ်မှတ်တွေထဲမှာ အမျိုးသမီးတွေက ၉၉ ရာခိုင်နှုန်း ပါဝင်နေတာဖြစ်တယ်လို့လည်း မနှစ်က ထုတ်ပြန်ခဲ့တဲ့ State of Deepfakes အစီရင်ခံစာအရ သိရပါတယ်။

အခုလက်ရှိမှာ အမေရိကန်က နိုင်ငံရေးသမားတွေက ဥပဒေသစ် ပြဌာန်းဖို့ တောင်းဆိုတာတွေရှိနေပြီး တေလာဆွစ်ပရိသတ်တွေကလည်း X မှာ တေလာဆွစ်ကိုကာကွယ်ဖို့ဆိုတဲ့ Hashtag တွေနဲ့အတူ တန်ပြန်ထိုးစစ်တစ်ခု စတင်ကာ လျင်မြန်စွာ လှုံ့ဆော်ခဲ့ကြပါတယ်။

“ကျူးလွန်ခံရသူက Taylor Swift ပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ နိုင်ငံတဝှမ်းက လူငယ်တစ်ယောက်ပဲဖြစ်ဖြစ်၊ ဒီစိုးရိမ်စရာလမ်းကြောင်းကို တိုက်ဖျက်ဖို့အတွက် အကာအကွယ်တွေ ထူထောင်ဖို့ လိုအပ်ပါတယ်” လို့လည်း ရီပတ်ဘလီကန်လွှတ်တော်အမတ် Tom Kean Jr က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် တေလာဆွစ်က အဆိုပါပုံတွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပေမဲ့ သူမရဲ့အဖွဲ့က AI နဲ့ ဖန်တီးထားတဲ့ပုံတွေကိုထုတ်ဝေတဲ့ ဆိုက်ကို တရားဝင်အရေးယူဖို့စဉ်းစားနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Ref; CBS News

Leave a Reply

Your email address will not be published. Required fields are marked *