October 18, 2024

၂၇. ၁. ၂၀၂၄
Written by Pan Ei

အမေရိကန်ပြည်ထောင်စု၊ အလာဘားမားပြည်နယ်က သေဒဏ်ချမှတ်ခံထားရတဲ့ လူသတ်သမားတစ်ဦးကို မကြာသေးမီ ရက်ပိုင်းအတွင်းက ကွပ်မျက်ခဲ့ရာမှာ နိုက်ထရိုဂျင်ဓာတ်ငွေ့သုံးကာ ကွပ်မျက်တဲ့ နည်းလမ်းသစ်ကို အမေရိကန်က ပထမဆုံးအကြိမ် အသုံးပြုခဲ့ပါတယ်။

အဆိုပါနည်းလမ်းသစ်ဟာ လူသားဆန်တယ်လို့ ပြည်နယ်အစိုးရက ပြောကြားခဲ့ပေမဲ့ ဝေဖန်သူတွေကတော့ အဲ့ဒါကို ရက်စက်ကြမ်းကြုတ်တဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

အသက် ၅၈ နှစ်အရွယ် Kenneth Eugene Smith ဟာ တရားဟောဆရာရဲ့ ဇနီး Elizabeth Sennett ကို ငှားရမ်းသတ်ဖြတ်မှုနဲ့ ၁၉၈၉ ခုနှစ်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး သူ့ကို ကြာသပတေးညက နိုက်ထရိုဂျင်ဓာတ်ငွေ့သုံးကာ ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။

ကွပ်မျက်မှုဟာ ၂၂ မိနစ်ခန့် အချိန်ယူခဲ့ရပြီး Smith ကို အောက်ဆီဂျင်ပြတ်တောက်စေဖို့ နိုက်ထရိုဂျင်ဓာတ်ငွေ့လွှတ်ထားတဲ့ မျက်နှာဖုံးတပ်စေကာ ရှူရှိုက်စေပြီး သူဟာ မိနစ်အတော်ကြာ သတိလစ်နေခဲ့ပုံရကာ အဲ့ဒီနောက် အတော်ကြာ အသက်ပြင်းပြင်းရှူပြီးနောက် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

နိုက်ထရိုဂျင်ဓာတ်ငွေ့ဟာ စက္ကန့်ပိုင်းအတွင်း သတိလစ်သွားကာ မိနစ်ပိုင်းအတွင်း သေဆုံးနိုင်ကြောင်း ပြည်နယ်အစိုးရက ခန့်မှန်းထားပေမဲ့ တကယ် ကွပ်မျက်ရာမှာတော့ မိနစ် ၂၀ ကျော် ကြာမြင့်ခဲ့ခြင်းဖြစ်ကာ နာကျင်မှု မရှိဘဲ သေဆုံးရတာဖြစ်တာကြောင့် လူသားဆန်တဲ့အပြစ်ပေးမှုဖြစ်တယ်လို့ တချို့ကသတ်မှတ်ကြပေမဲ့ လက်ရှိမှာတော့ အမေရိကန်က ကျယ်ကျယ်ပြန့်ပြန့် ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရပြီး တစ်စုံတစ်ဦးကို ကွပ်မျက်ရာမှာ ပထမဆုံးအကြိမ်အဖြစ် ရှုတ်ချခံနေရတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ၊ အီးယူနဲ့ သေဒဏ်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတွေကလည်း နိုက်ထရိုဂျင်ဓာတ်ငွေ့သုံးပြီး အကျဉ်းသားတစ်ဦးကို ပထမဆုံး ကွပ်မျက်တာကို ရှုတ်ချကြောင်း မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က “နိုက်ထရိုဂျင်ဓာတ်ငွေ့ကြောင့် အသက်ရှုကြပ်တဲ့နည်းလမ်းကို ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်မိကြောင်း”ပြောကြားခဲ့သလို ကြေညာချက်မှာ အီးယူတာဝန်ရှိသူတွေကလည်း နိုက်ထရိုဂျင်ဓာတ်ငွေ့အသုံးပြုတာက အထူးရက်စက်ပြီး ပုံမှန်မဟုတ်တဲ့ ပြစ်ဒဏ်လို့ ခေါ်ဆိုခဲ့ကာ ဝေဖန်ရှုတ်ချခဲ့ကြပါတယ်။

Ref; AP

Leave a Reply

Your email address will not be published. Required fields are marked *