October 18, 2024

၂၇. ၁. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူက Selayang ဈေးမှာ ဒီနေ့ (ဇန်နဝါရီ ၂၇ ရက်) မနက်အစောပိုင်းက ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတစ်ခုအတွင်း မြန်မာနိုင်ငံသားတွေအပါအဝင် တရားမဝင်ရွှေ့ပြောင်းနေထိုင်နေတဲ့ နိုင်ငံခြားအလုပ်သမား ၁၀၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးအတွင်း ပြည်ပနိုင်ငံသား ၂၁၃ ဦးကို စစ်ဆေးခဲ့ရာ ၁၀၈ ဦးကို ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးထားတယ်လို့ သိရပြီး အမျိုးသား ၁၀၄ ဦးနဲ့ အမျိုးသမီး ၄ ဦး ပါဝင်တဲ့ အဆိုပါ ဖမ်းဆီးခံရသူတွေထဲမှာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ အိန္ဒိယ၊ နီပေါနဲ့ ပါကစ္စတန်နိုင်ငံသားတွေ ပါဝင်ပါတယ်။

ဖမ်းမိသူ ၁၀၈ ဦးအနက် အင်ဒိုနီးရှားက နိုင်ငံသား ၅၂ ဦးနဲ့ အများဆုံးဖြစ်ပြီး မြန်မာက ၃၅ ဦး၊ အိန္ဒိယက ၁၂ ဦး၊ ဘင်္ဂလားဒေ့ရှ်က ၇ ဦး၊ ပါကစ္စတန်နဲ့ နီပေါက တစ်ဦးစီတို့ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြို့တော်ရဲချုပ် Datuk Allaudeen Abdul Majid က စစ်ဆင်ရေးဟာ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ မလေးရှားအရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ အရာရှိတွေနဲ့ အမှုထမ်း ၄၆၅ ဦးက ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ “အဓိက အာရုံစိုက်တာက အထောက် အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ဖြစ်ပြီး အဲဒီဒေသမှာ သံသယဖြစ်ဖွယ် လှုပ်ရှားမှုမှန်သမျှကို ဖယ်ရှားပစ်ဖို့ ရည်ရွယ်ပါတယ်” လို့ သူက ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသလို နိုင်ငံခြားသားတွေနဲ့ ပတ်သက်တဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှု သတင်းအချက်အလက်တွေကို ရဲတပ်ဖွဲ့ဆီ ဆက်လက်ပေးပို့ဖို့လည်း ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *