October 18, 2024

၂၇. ၁. ၂၀၂၄
Written by Nay Moe

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ခင်ပလူရွာ အုပ်ချုပ်ရေးမှူး ဦးလှမျိုးဝင်း (ခ) မောင်ဝင်းကို ပျုစောထီးခေါင်းဆောင်ဟု စွပ်စွဲကာ NUG ဩဇာခံ PDF ၃ ဖွဲ့က အကြမ်းဖက် ဖမ်းဆီးလိုက်သည်။

ဦးလှမျိုးဝင်းသည် ကျေးရွာများနေပြည်သူများကို မတရားဖိနှိပ်အနိုင်ကျင့်ခြင်း၊ PDF များကို တပ်ထံ သတင်းပေးကာ စစ်သတင်းပေးအဖြစ် ဆောင်ရွက်နေခြင်း၊ ပြည်သူ့စစ်ဆုဆောင်းတာဝန်ခံအဖြစ်ဆောင်ရွက်နေခြင်းစသည့် အချက်များကို ပြည်သူလူထုက တိုင်ကြားလာသဖြင့် မင်းဘူးခရိုင်၊ အမှတ်(၆) တပ်ရင်း၊ တပ်ခွဲ ၃- Special Ranger Force-SRF ၊ တပ်ခွဲ-၂-SLPDF နှင့် ဒေါင်းညီနောင် မြို့ပြပြောက်ကျားတပ်ဖွဲ့တို့က ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်ဟု PDF ၃ ဖွဲ့က ဖမ်းဆီးမှုအပေါ် အကြောင်းပြချက်ပေးသည်။

ထိန်းသိမ်းဖမ်းဆီးစဉ် ၎င်း၏ လက်အောက်ခံ ပျူစောထီးများက ဝန်းဝိုင်းတိုက်ခိုက်လာသဖြင့် PDF များနှင့် အပြန်အလှန်ပစ်ခတ်ဖြစ်ပွားခဲ့ကြောင်းနှင့် ဦးလှမျိုးဝင်းကို မင်းဘူးခရိုင်၊ အမှတ် (၆)တပ်ရင်းက လိုအပ်သည်များကို စစ်ဆေးမေးမြန်းနေသည်ဟု Special Ranger Force-SRF က ထုတ်ပြန်ထားသည်။

အဆိုပါ ဦးလှမျိုးဝင်းကို ဖမ်းဆီးထား​ကြောင်း SRF ထုတ်ပြန်မှု၏ အောက်တွင်မူ Facebook သုံးစွဲသူနှစ်ဦးက စလင်းတွင် ပျုစောထီးမရှိကြောင်း၊ PDF များက လက်နက်မဲ့ပြည်သူကို ပုဂ္ဂိုလ်ရေးအငြိုးအတေးဖြင့် ဒလန်ဟုဆိုကာ သတ်ဖြတ်နေကြောင်း၊ စလင်းမြို့နယ်တွင် ထိုသို့လုပ်ရပ်များ များပြားနေပြီဖြစ်ကြောင်း ဝေဖန်ရှုတ်ချထားသည်ကိုလည်း တွေ့ရသည်။

Leave a Reply

Your email address will not be published. Required fields are marked *