October 18, 2024

ခွင့်ပြုချက်ရဘဏ်များအဖြစ် အိန္ဒိယဘက်မှ Punjab ဘဏ်၊ မြန်မာဘက်မှ UAB နှင့် CB ဘဏ် သတ်မှတ်

၂၇. ၁. ၂၀၂၄
Written by Tha Doe

ရူပီး – ကျပ် တိုက်ရိုက်ပေးချေမှုကို ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပြီး ခွင့်ပြုချက်ရဘဏ် (Designated Bank) အဖြစ် အိန္ဒိယဘက်က Punjab National ဘဏ်နဲ့ မြန်မာဘက်က UAB ဘဏ်၊ CB ဘဏ်တို့ကို ရွေးချယ် သတ်မှတ်ထားတယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေက ပြောကြားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ကုန်သွယ်မှုကို တိုးမြှင့်နိုင်ဖို့၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေဖို့၊ နှစ်နိုင်ငံငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ် လွယ်ကူချောမွေ့စေဖို့ အမေရိကန်ဒေါ်လာအပေါ် မှီခိုမှုကို လျှော့ချနိုင်ဖို့၊ Exchange Rate Risk လျော့နည်းစေဖို့နဲ့ ပြည်တွင်း ငွေကြေးသုံးစွဲမှုကို မြှင့်တင်ဖို့ ရည်ရွယ်ဆောင်ရွက်ပေးနေပြီး ရူပီး-ကျပ် Trade Mechanism ကို အကောင်အထည် ဖော်ဆောင်ရွက်ရာမှာ ရူပီး – ကျပ် ပေးချေမှုဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်း ဆောင် ရွက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၊ အိန္ဒိယနိုင်ငံဗဟိုဘဏ် (Reserve Bank of India) Department of Financial Services, Ministry of Finance, India တို့အကြား အပြန်အလှန် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို Joint Concept Note Paper နဲ့ Standard Operation Procedures (SOPs) ကိုလည်း အတည်ပြုခဲ့ပြီးဖြစ်တယ်လို့ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။

ဒီလိုလုပ်ဆောင်ခဲ့တာတွေအပြင် “အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုမှာ Special Rupee Vostro Account (SRVA) အသုံးပြုပြီး ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် (Guideline)” ကို သက်ဆိုင်ရာ ဌာနတွေဆီက သဘောထားမှတ်ချက်တောင်းခံ ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် ဖေဖော်ဝါရီလကစပြီး ပေးချေမှုတွေ စတင်နိုင်တော့မှာဖြစ်သလို ကုန်သည်တွေကိုလည်း ငွေပေးချေမှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ အိန္ဒိယကုန်သည်များအသင်းတို့နဲ့ ပူးပေါင်းပြီး ရှင်းလင်းပွဲတွေ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားပါတယ်။

လက်ရှိမှာ ရူပီး/ကျပ် ပေးချေမှုအတွက် ဆောင်ရွက်ခွင့်ပြုထားတဲ့ဘဏ် (Designated Bank) တွေက မြန်မာဘက်ခြမ်းမှာ UAB ဘဏ်လီမိတက်နဲ့ CB Bank PCL ၊ အိန္ဒိယဘက်ခြမ်းမှာ Punjab National Bank တို့ဖြစ်ပြီး ဒီလိုမျိုး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းအားဖြင့် အိန္ဒိယနိုင်ငံက အဓိကတင်သွင်းနေတဲ့ ဆေးဝါးနဲ့ ကုန်စည်တွေအတွက် ပေးချေနေရတဲ့ အမေရိကန်ဒေါ်လာ လိုအပ်ချက် လျော့နည်းသွားတာ၊ ကုန်သွယ်မှုအတွက် ငွေပေးချေမှုပိုမိုလွယ်ကူစေတာ၊ ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းလာပြီး ထင်သာမြင်သာ ရှိလာစေတာ၊ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်လာစေတာ စတဲ့ အကျိုးကျေးဇူးတွေ ရရှိလာမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *