October 18, 2024

၂၆. ၁. ၂၀၂၄
Written by Nyein Kyaw

ပြည်သူအားလုံးပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်၍ ပြည်သူ့လုံခြုံရေးစနစ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ပြုလုပ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) တွင် ပြောကြားခဲ့သည်။

SAC အစိုးရအနေဖြင့် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့လုံခြုံရေးစနစ်နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ပြီး ပြည်သူအားလုံးပါဝင်သည့် ပြည်သူလုံခြုံရေးစနစ်ကို ဖော်ဆောင်သွားရန် ဆွေးနွေးခဲ့ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

ပြည်သူ့လုံခြုံရေးစနစ်သည် အရေးကြီးပြီး ပြည်သူ လူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူများအားလုံး ညီညီညွှတ်ညွှတ်ဖြင့် စည်းလုံးမှုရှိပါက လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများသည်လည်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဓိကအနေဖြင့် အကြမ်းဖက်သူများ၏ သတင်းပေးပို့ရန်ဖြစ်ပြီး သတင်းပေးပို့သူကိုလည်း လျှို့ဝှက်ပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူ့လုံခြုံရေးစနစ်ကို စနစ်တကျဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပြီး ပြည်သူ့လုံခြုံရေးစနစ်မှတစ်ဆင့် ပြည်သူ့ကာကွယ်ရေးစနစ်သို့ ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Non-CDM ဝန်ထမ်းများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများ၊ တရားမဝင်ကုန်စည်စီဆင်းမှုများ၊ သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေ၍ ပြည်သူလူထု ကြောက်ရွံ့အောင် ဆောင်ရွက်ခြင်းများအပြင် အခြားသော နည်းလမ်းမျိုးစုံဖြင့် အစိုးရ၏ အုပ်ချုပ်မှုယန္တရားပျက်ယွင်းအောင် လုပ်ဆောင်မှုများသည် လုံခြုံရေးအရ သတိပြုရမည့်ကိစ္စရပ်များပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို စုပေါင်းလုပ်ဆောင်မှုများဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *