October 18, 2024

၂၆. ၁. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ချင်းမိုင်ပြည်နယ်၊ ချင်ဒေါင်းခရိုင်အတွင်း တောရိုင်းတိရစ္ဆာန်ဖောင်ဒေးရှင်းတစ်ခု၌ စေတနာ့ဝန်ထမ်း လုပ်ကိုင်ပေးနေသော အသက် ၃၂ နှစ်ရှိ စတီဖန် ကလော်ဒီယို ဆိုသူ ဆွစ်ဇာလန်နိုင်ငံသားတစ်ဦးမှာ အာရှတိုက်တွင်အများအားဖြင့်တွေ့ရသော ဝက်ဝံနက်တစ်ကောင်အား ဇန်နဝါရီ ၂၅ ရက် မွန်းလွဲပိုင်းက ၎င်း၏ဝင်းခြံအတွင်း အစာကျွေးစဉ် ဝက်ဝံနက်၏တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုဖြစ်ရပ်က ဖောင်ဒေးရှင်း၏ ဝင်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကလော်ဒီယိုသည် ဝက်ဝံနက်အား ထားသည့် လှောင်အိမ်အတွင်း ညာဘက်လက်ကိုဆန့်၍ အစာကျွေးခဲ့ချိန်တွင် ဝက်ဝံနက်က မမျှော်လင့်ဘဲ ကိုက်ထားကာ ပြန်လည်၍လည်း လွှတ်ပေးခြင်းမပြုတော့ဘဲ ဖမ်းဆုတ်ထားခြင်းဖြစ်သည်။

နောက်ဆုံးတွင် ကလော်ဒီယိုမှာ ၎င်းအား ဝက်ဝံနက်မှ ကိုက်ဖြတ်ခြင်းကို မခံရစေရန်အတွက် ၎င်း၏ညာဘက်လက်ကို ၎င်းကိုယ်တိုင်ဓားဖြင့် ဖြတ်ပစ်ခဲ့ကာ ဝက်ဝံနက်၏ကိုက်ဖြတ်ခြင်းမှ လွတ်မြောက်ရန် ပြုလုပ်ခဲ့ရသည်။

အနီးတွင်ရှိသူများက ၎င်းအား ရှေးဦးသူနာပြုနည်းများဖြင့် ဦးစွာပြုစုကာ တံတောင်ဆစ်အောက်ပိုင်းမှစ၍ ပြတ်ထွက်သွားသော လက်ဒဏ်ရာနှင့်အတူ ချင်ဒေါင်းဆေးရုံသို့ပို့ခဲ့ကြပြီး ထိုမှ ခွဲစိတ်မှုပြုရန် ချင်းမိုင်ဆေးရုံသို့ ထပ်၍ပို့ပေးခဲ့သည်။ ပြတ်ထွက်လျက်ရှိသော ညာဘက်လက်မှာလည်း ဝက်ဝံနက်၏ ကိုက်ထားမှုကြောင့် ကြေမွပျက်စီးကာ ပြန်လည်တွေ့ရှိခဲ့သည်။

၎င်းဝက်ဝံကို မူလက ချင်ဒေါင်းခရိုင်အတွင်း Doi Pha Daeng အမျိုးသားဥယျာဉ်တွင်၂၀၁၃ ခုနှစ်တွင် တွေ့ရှိဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *