October 18, 2024

၂၆. ၁. ၂၀၂၄
Written by Nay Aung

အမေရိကန်နိုင်ငံအခြေစိုက် ဒိန်ချဉ်ကုမ္ပဏီတစ်ခုဟာ စမတ်ဖုန်းတွေကို တစ်လကြာ အသုံးမပြုဘဲနေထိုင်နိုင်သူကို ဆုကြေးချီးမြှင့်မယ့် အစီအစဉ်စတင်လိုက်ကြောင်းသိရပါတယ်။

အိုက်စလန်စတိုင် ဒိန်ချဉ်ထုတ်လုပ်ရောင်းချတဲ့ Siggi’s Dairy ကုမ္ပဏီဟာ လူတွေကို စိတ်ပျံလွင့်မှု လျော့ကျစေဖို့ ရည်ရွယ်ချက်နဲ့ မိုလ်ဘိုင်းဖုန်း အသုံးမပြုဘဲနေထိုင်မယ့်သူကို ဆုကြေးငွေပေးမယ့် Digital Detox Program အစီအစဉ်ကို စတင်လိုက်တာမျိုးဖြစ်ကြောင်း သိရပါတယ်။

အဆိုပါဒိန်ချဉ်ကုမ္ပဏီက ဖုန်းမသုံးဘဲ တစ်လကြာအောင် နေနိုင်သူကို ဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ဆုချီးမြှင့်မယ်လို့ ဖိတ်ခေါ်ထားကာ အဲဒီ Digital Detox Program အစီအစဉ်မှာ ပါဝင်လိုသူတွေဟာ ဇန်နဝါရီ ၃၁ ရက်နေ့အထိ နောက်ဆုံး စာရင်းပေးသွင်းနိုင်ပြီး အဲဒီထဲကနေ လူ ၁၀ ဦးအထိ ရွေးချယ်သွားမှာဖြစ်ကြောင်း သိရပါတယ်။

အဆိုပါကုမ္ပဏီက” ကျွန်တော်တို့ဟာ ဒီနှစ် “Dry January” အတွက် အစီအစဉ်အမျိုးအစားအသစ်ကို မိတ်ဆက်ခဲ့တယ်။ အရက်ကို တစ်လကြာ မသောက်သုံးဘဲနေရမယ့်အစီအစဉ်အစား စမတ်ဖုန်းတွေကို တစ်လကြာ အသုံးမပြုဘဲနေထိုင်ရမယ့် Challenge အသစ်ကို စတင်မိတ်ဆက်ခဲ့တာပါ။ အဲဒီအစီအစဉ်ထဲမှာ ပါဝင်သူတွေဟာ ကုမ္ပဏီကပေးထားတဲ့သေတ္တာတွေထဲမှာ သူတို့ရဲ့ဖုန်းတွေကို တစ်လကြာ သိမ်းဆည်းထားရပါမယ်။ စိတ်ပျံ့လွင့်စရာ နည်းပါးပြီး ရိုးရှင်းတဲ့ လူနေမှုဘဝရဲ့ စွမ်းအားအပေါ် ကျွန်တော်တို့ ယုံကြည်ပါတယ်။ ဒီနေ့ခေတ် လူနေမှုဘဝရဲ့ အကြီးမားဆုံး စိတ်ပျံ့လွင့်စရာ တစ်ခုကတော့ ဖုန်းပါပဲ။ ပျမ်းမျှအားဖြင့် လူတစ်ယောက်က တစ်နေ့မှာ ၅ ဒသမ ၄ နာရီကြာအောင် ဖုန်းသုံးကြတယ်” လို့ပြောပါတယ်။

Digital Detox Program အစီအစဉ်မှာပါဝင်ယှဉ်ပြိုင်ပြီး အနိုင်ရသူဟာ အမေရိကန်ဒေါ်လာ ၁၀၀၀၀ နဲ့ ဖုန်းသိမ်းဆည်းနိုင်တဲ့ သေတ္တာအပြင် ခေါက်ဖုန်းတစ်လုံး၊ တစ်လစာဘေလ်ဖြည့်ပေးထားတဲ့ ဖုန်းဆင်းမ်ကတ်တစ်ခုနဲ့ ၃ လစာ ဒိန်ချဉ်ဘူးတွေ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ဒီဂျစ်တယ်လူမှုဘဝကို ယာယီအနားယူတာ၊ ဆုကြေးရရှိဖို့ အလားလာရှိမယ်လို့ ယုံကြည် အဆင် သင့်ဖြစ်တယ်ဆိုရင် Siggi’ရဲ့ဝက်ဘ်ဆိုက်မှာလာရောက်လျှောက်ထားဖို့ ဖိတ်ခေါ်ကြောင်း ဖော်ပြထားပါတယ်။လူသားတွေကို စစ်မှန်တဲ့ ကမ္ဘာကြီးနဲ့ ပြန်လည်ထိတွေ့စေဖို့အပြင် ဒီဂျစ်တယ်လူမှုဘဝကို အဆက်သွယ်ဖြတ်တောက်မှု ရှိနိုင် မရှိနိုင်ဆိုတဲ့အချက်ကို စမ်းသပ်နိုင်ဖို့ ဒီ အစီစဉ်မှာ ပါဝင်ဖို့ ဖိတ်ခေါ်ကြောင်း Siggi’ က ဖော်ပြထားပါတယ်။

Ref UPI

Leave a Reply

Your email address will not be published. Required fields are marked *