October 18, 2024

၂၆.၁.၂၀၂၄

Translated by Htwe Ko Tun 

ဗြိတိန်၊ အင်္ဂလန်နိုင်ငံအတွင်း Tyne and Wear ခရိုင်၏ Tynemouth မြို့မှ အသက် ၄၉ နှစ်ရှိ ဒေးဗစ်ဘရောင်းအမည်ရှိ ကျောင်းဆရာတစ်ဦးမှာ ထိုင်းနိုင်ငံအတွင်း အပြည်ပြည်ဆိုင်ရာကျောင်းတစ်ကျောင်းတွင် အင်္ဂလိပ်စာ သင်ကြားနေစဉ်အတွင်း အသက် ၇ နှစ်မှ ၈ နှစ်ခန့်အထိသာရှိသော  ကျောင်းသူငယ် လေးဦးကို လိင်ပိုင်းဆိုင်ရာ‌ မတရားပြုကျင့်မှုများ ပြုလုပ်ခဲ့ကြောင်းတွေ့ရှိရ၍ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။ 

၎င်းက ထိုဖြစ်ရပ်များဖြစ်ပွားသော ထိုင်းနိုင်ငံ၊ ပသွမ်သာနီ ပြည်နယ်အတွင်းရှိ Siam International School တွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလမှစ၍ စာပြလာသူဖြစ်ကြောင်းလည်း သိရသည်။ ၎င်းက ညနေစာအနားပေးချိန်များတွင် ကျောင်းသူငယ်လေးများကို ၎င်း၏အခန်းအတွင်းသို့ အချိန်ပို အင်္ဂလိပ်စာသင်ခန်းစာများ သင်ကြားပေးမည့်ဟန်ဆောင်၍ ခေါ်သွင်းကာ လိင်ပိုင်းဆိုင်ရာ မတရားစော်ကားမှုများ ပြုခဲ့ ကြောင်း သတင်းများကဆိုသည်။ 

ရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ အနည်းဆုံးကျောင်းသူငယ်လေးဦးအား ထိုသို့ မတရားစော်ကားမှုများပြုခဲ့ကြောင်းလည်း တွေ့ရှိခဲ့ရသည်။ ၎င်း၏ အပြုအမူများနှင့်ပတ်သက်၍ ကျောင်းသူများအကြားပြောဆိုနေမှုကို အခြားဆရာတစ်ဦးက ကြားသောကြောင့် မေးမြန်းရာမှ မိဘများမသိရှိခင်မှာပင် ကျောင်းမှဆရာများက ဦးစွာသိရှိခဲ့သည်။

မကြာခင်မှာပင် မိဘများလည်းသိရှိခဲ့ပြီးနောက် ဇန်နဝါရီ ၂၄ ရက်၊ နံနက် ၆ နာရီတွင်မူ ဒေးဗစ်ဘရောင်းအား ရဲတပ်ဖွဲ့ကဖမ်းဆီးကာ ဆေးစစ်ဆေးမှုများပြုလုပ်ပြီးနောက် စစ်ဆေးမေးမြန်းရန် ရဲစခန်းသို့ခေါ်ဆောင်သွားခဲ့‌ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။ 

ကျောင်းသူလေးဦး၏ မိဘများက ဒေးဗစ်ဘရောင်းအား အမှုဖွင့်ခဲ့ကြပြီး ရဲတပ်ဖွဲ့ကလည်း ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိရန် စစ်ဆေးလျက်ရှိကြောင်းလည်း သိရသည်။ ဘရောင်း အနေဖြင့် အပြစ်ရှိကြောင်းတွေ့ရှိပါက ထောင်ဒဏ် ၁၀ နှစ် အထိ ကျခံရနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောခဲ့သည်။ ကျောင်းသူများ၏မိဘများကမူ ထိုဖြစ်ရပ်နှင့်ပတ်သက်၍ အလွန်ပင် မခံမရပ်နိုင် ‌ဖြစ်နေကြကြောင်း သတင်းများတွင် ဖော်ပြခဲ့ကြသည်။ 

Ref- The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *