October 18, 2024

MT News
၂၆. ၁. ၂၀၂၄

မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ပြီး ကျားဖြန့်အွန်လိုင်းလိမ်လည်မှုများနှင့် ဆက်နွှယ်သူ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို နမ့်စန်မြို့ပတ်ဝန်းကျင်တွင် ဖမ်းမိခဲ့သည်။

ဖြစ်စဥ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ပတ်ဝန်းကျင်၌ တရားမဝင် တရုတ်နိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းပေးပို့မှုများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဇန်နဝါရီ ၂၃ ရက်စ၍ ရှောင်တခင်စစ်ဆေး ရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်ခဲ့ရာ နမ့်စန်မြို့ပတ်ဝန်းကျင်ရှိ နေရာ ၃ နေရာမှ တရားမဝင် ဝင်ရောက်နေထိုင်နေသည့် တရုတ်နိုင်ငံသား ကျား ၁၀၀၂ ဦး၊ မ ၃၆ ဦး စုစုပေါင်း ၁၀၃၈ ဦးကို ထပ်မံဖမ်းဆီး ရမိခဲ့သည်။

ထို့ပြင် ဖမ်းမိတရားခံများထံမှ အွန်လိုင်းကျားဖြန့်ငွေလိမ်လုပ်ငန်းတွင် အသုံးပြုသည့် Desktop  ၄၅ လုံး၊ Laptop ၇ လုံး၊ ဖုန်းမျိုးစုံ ၂၃၇၃ လုံး၊ WiFi စက် ၁၂ လုံး တို့ကိုဖမ်းဆီးရမိခဲ့ပြီး အဆိုပါတရားမဝင် တရုတ်နိုင်ငံသားများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ ပတ်ဝန်းကျင်မှ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသားများကို ဖမ်း ဆီးရမိမှုနှင့်ပတ်သက်၍ ကျေနပ်မှုမရှိသူများက အကြမ်းဖက်အားပေး တရားမဝင်မီဒီယာများသို့ သတင်းပေးကာ အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ပြီး ဝါဒဖြန့်သတင်းအမှားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်း အွန်လိုင်းလိမ်လည်မှုများနှင့် အခြားတရားမဝင် လုပ်ငန်းလုပ်ဆောင်သူများ၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများ မရှိစေရေးအတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး အဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းနှင့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ်ဆက်သွယ်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *