October 18, 2024

၂၆.၁.၂၀၂၄
Written By Thandar

ပရိသတ်တွေ စိတ်ဝင်စားမှုမြင့်တက်နေတဲ့ မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ မင်းသမီးမေမြင့်မိုရ်ကတော့ အကယ်ဒမီ တစ်ပြေးစာရင်းဝင်နေတော့ ပိုပြီး ရင်တုန်ရတာပေါ့လို့ ဖွင့်ဟလာပါတယ်။

“ဒီနှစ်က မေ့ရဲ့ ရုံတင်တဲ့ကားတွေ များတဲ့နှစ်လို့လည်း ပြောလို့ရပါတယ်။ ပရိသတ်တွေအနေနဲ့ မေလေးကို အကယ်ဒမီ မှန်းပေးကြလို့လည်း ကျေးဇူးအများကြီး တင်ပါတယ်။ အကယ်ဒမီအတွက် မေလေး ရင်ခုန်ပါတယ်။ အကယ်ဒမီက အရမ်းနတ်ကြီးတယ်။ အနုပညာရှင်တိုင်းအတွက် တကယ်ကို တန်ဖိုးမဖြတ်နိုင်တဲ့ဆုဆိုတော့ အကယ်ဒမီနဲ့ပတ်သက်ပြီးရင် တကယ့်ကိုစိတ်လှုပ်ရှားပြီး ရင်ခုန်ပါတယ်။ အကယ်ဒမီက နတ်ကြီးတော့ အများကြီး မှန်းထားတယ်ဆိုတာထက် ကိုယ့်ရဲ့ သရုပ်ဆောင်ခဲ့တဲ့ ကားတိုင်းကို အကောင်းဆုံး တတ်နိုင်သလောက်တော့ ကြိုးစားခဲ့တာပေါ့လေ။ အကယ်ဒမီနဲ့ ပတ်သက်ပြီးတော့ ကိုယ်ကိုယ်တိုင်လည်း ခါတိုင်းနှစ်တွေထက် ပိုရင်ခုန်ပါတယ်။ ကိုယ့်ဇာတ်ကားတွေ ပါတယ်ဆိုတော့လေ။ ရင်လည်းတုန်သလို ရင်ခုန်တာပေါ့နော် “လို့ သရုပ်ဆောင် မေမြင့်မိုရ်က ပြောပါတယ်။

မကြာခင် ကျင်းပမယ့် မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲ ဆန်ကာတင်စာရင်းဝင် ၁၂ကားမှာ သူမပါဝင် သရုပ်ဆောင်ထားတဲ့ဇာတ်ကားတွေကတော့ ရည်ရွယ်မိုး၊ မုန်းခွင့်၊ စာရိတ္တ၊ စတုတ္ထမြောက်သွေးကြောမျှင် ရုပ်ရှင်ဇာတ်ကားတွေဖြစ်ပါတယ်။ မေမြင့်မိုရ်ကတော့ ၂၀၁၉ ခုနှစ် ဧပြီလ ၅ ရက်မှာ ကျင်းပခဲ့တဲ့ Star Awards 2018 ရုပ်ရှင်နဲ့ရုပ်သံဇာတ်လမ်းတွဲ ထူးချွန်ဆုပေးပွဲမှာတော့ Rising Star Award (Female) ဆုကို မိုးပန်းပွင့်ရဲ့သင်္ကေတ ဇာတ်ကားနဲ့ ဆုရရှိထားတာလည်းဖြစ်ပါတယ်။ လက်ရှိ MRTV -4 က ထုတ်လွှင့်ပြသနေတဲ့ “ကာရန်လွဲမေတ္တာ” Season 2 မှာလည်း အမေတစ်ယောက်အနေနဲ့ နေညိုရီဖြစ်အောင် အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားပါတယ်။

“ပရိသတ်အကြိုက်နဲ့ ထပ်တူကြတဲ့ကားမျိုးလေး မေလေးကိုယ်တိုင်လည်း ကြိုက်ပါတယ်။ ဇာတ်ကားတွေက တစ်ကားနဲ့တစ်ကားမတူဘူး။ လုပ်ကွက်လေးတွေ ရပါတယ်။ ရည်ရွယ်မိုး၊ မုန်းခွင့် မေ သဘောကျတဲ့ကားတွေပါပဲ။ ကိုယ့်အနုပညာအသိုင်းအဝိုင်းက ပြောကြတော့ နည်းနည်းတော့ ပိုရင်တုန်တာပေါ့။ ပီတိလည်း ဖြစ်ရပါတယ်။ အကယ်ဒမီအတွက် တစ်ပြေးတယ်လို့ ကြော်ငြာလေးတွေတက်လာတော့ ပိုပြီး ရင်တုန်မိတယ်။ ပိုစိတ်လှုပ်ရှားရတဲ့နှစ်ပါ။ အရမ်းမျှော်လင့်ထားတာထက် ရင်တုန်စိတ်လှုပ်ရှားတာတွေ ရှိပါတယ် “လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *