October 18, 2024

၂၆.၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်၏အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ခဲ့သူ ပီတာနာဗာရိုအား ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် ကွန်ဂရက်အဆောက်အအုံအား အကြမ်းဖက်တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးရန် အောက်လွှတ်တော်မှရွေးချယ်ထားသောကော်မတီနှင့်ပူးပေါင်းဆောင်ရွက်ရေး ကွန်ဂရက်မှ အမိန့်စာချွန်ဆင့်ထုတ်ခဲ့ခြင်းကို မနာခံခဲ့၍ ထောင် ဒဏ်လေးလကျခံရန်နှင့် ဒဏ်ငွေ ဒေါ်လာ ၉,၅၀၀ ပေးဆောင်ရန် ပြည်ထောင်စုတရားရုံးက ဇန်နဝါရီ ၂၅ ရက်တွင် စီရင်ချက်ချခဲ့ကြောင်း သိရသည်။

နာဗာရိုက ကော်မတီ၏ရှေ့မှောက်တွင် တရားရုံး၌ သက်သေထွက်ဆိုရန်ငြင်းပယ်ခဲ့သည့်အတွက် ကွန်ဂရက်အား မထီ လေးစားပြုမှုဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းက တရားစွဲခံခဲ့ရသည်။ ထို့နောက် တရားရုံးသို့သက်သေစာရွက် စာတမ်းများ တင်သွင်းရန်ပျက်ကွက်ခဲ့မှုအတွက်လည်း ဒုတိယပြစ်မှုဖြင့် တရားစွဲခံခဲ့ရသေးသည်။

ဇန်နဝါရီ ၂၅ ရက်က ပြည်ထောင်စုတရားရုံး၌ စီရင်ချက်ချရာတွင် နာဗာရိုက ခရိုင်တရားသူကြီး အမစ်ပီမီတာအား ၎င်းအနေဖြင့် အမိန့်စာချွန်ကိုလက်ခံရရှိစဉ် သမ္မတဟောင်းဒေါ်နယ်ထရန့်က သမ္မတ၏အုပ်ချုပ်မှုအထူးအခွင့်အရေးအရ ဆောင် ရွက်ခဲ့ခြင်းဟု ရိုးသားစွာယုံကြည်ခဲ့မိကြောင်း ပြောခဲ့သည်။ သို့သော် တရားလိုအစိုးရရှေ့နေများက ၎င်း၏ပြောကြားချက် မမှန်ကန်ဟု တရားရုံး၌ ငြင်းဆိုခဲ့ကြသည်။ ထို့ပြင် နာဗာရို က ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်တွင်ဖြစ်ပွားခဲ့သော ကွန်ဂရက်လွှတ်တော်အဆောက်အအုံ၌ အကြမ်းဖက်မှုများကြောင့် ထိုနေ့က ၎င်း၏ဘဝတွင် အဆိုးဝါးဆုံးနေ့တစ်နေ့လည်းဖြစ်ခဲ့ကြောင်း ပြောခဲ့သည်။

နာဗာရို၏ရှေ့နေ စတန်လီဝုဒ်ဝတ်က အောက်လွှတ်တော်ကော်မတီ၌ နာဗာရိုတစ်ဦးတည်းသာ တရားရုံးသို့သက်သေစာရွက် စာတမ်းများ တင်သွင်းရန်ပျက်ကွက်ခဲ့ခြင်းမဟုတ်ကြောင်း၊ အိမ်ဖြူတော်အရာရှိများဖြစ်ကြသော ဒန်စကယ်ဗီနိုနှင့် မာ့က်မယ်ဒိုးစ်တို့ကလည်း တင်သွင်းခြင်းမရှိခဲ့ကြောင်း၊ သို့သော် ၎င်းတို့မှာမူ မည်သည့်တရားစွဲမှုမှမခံခဲ့ရကြောင်း ပြောခဲ့ကြသည်။ စီရင်ချက်ချမှတ်အပြီးတွင်မူ နာဗာရို၏ရှေ့နေများက အယူခံတင်ရန် ချက်ချင်းဆောင်ရွက်ခဲ့ကြသည်။

သမ္မတဟောင်းထရန့်၏ အကြံပေးပုဂ္ဂိုလ်များအနက် နာဗာရိုက ဇန်နဝါရီလ ၆ ရက် ကွန်ဂရက်အဆောက်အအုံအား အကြမ်းဖက်တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးရန် အောက်လွှတ်တော်မှရွေးချယ်ထားသောကော်မတီနှင့်ပူးပေါင်းဆောင်ရွက်ရေး ကွန်ဂရက်မှ အမိန့်စာချွန်ဆင့်ထုတ်ခဲ့ခြင်းကို မနာခံမှုဖြင့် တရားစွဲပြစ်ဒဏ်ချခံရသော ဒုတိယမြောက်ပုဂ္ဂိုလ်လည်းဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လကလည်း ထရန့်၏အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သော စတိဗ်ဘန်နွန်မှာလည်း အလားတူတရားစွဲခံရကာ အပြစ်ရှိကြောင်း တရားရုံးကဆုံးဖြတ်ခဲ့၍ ဘန်နွန်မှာလည်း ထောင်ဒဏ်လေးလချမှတ်ခံရကာ အယူခံတင်သွင်းထားသည်ဟု ဆိုသည်။

Ref – abc news

Leave a Reply

Your email address will not be published. Required fields are marked *