October 18, 2024

၂၆.၁.၂၀၂၄
Written By Thandar

၂၀၂၃ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကြီးကို ယခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ ညနေပိုင်းမှာ နေပြည်တော်မြို့ရှိ MICC – 1 မှာ ကျင်းပမှာဖြစ်လို့ အကယ်ဒမီပေးပွဲတက်ရောက်ခွင့်ရသူတွေ ဖိတ်စာတွေထုတ်ယူဖို့ ဒီနေ့ ဇန်နဝါရီ ၂၆ ရက်မှာ စတင်ကြေညာနေပြီဖြစ်ပါတယ်။

“ကျွန်တော်တို့ ရုပ်ရှင်အစည်းအရုံးမှာတော့ အကယ်ဒမီပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ အနုပညာရှင် အတတ်ပညာ ရှင်တွေရဲ့ အမည်စာရင်းတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ကြော်ငြာသင်ပုန်းမှာ ဒီနေ့ မနက် ၁၀ နာရီက စတင်ကြေညာထားပါပြီ။ ဖိတ်ကြားခံရသူစာရင်းမှာ ပါဝင်ပေမယ့်လည်း ဇန်နဝါရီ ၂၈ ရက် ညနေ ၄ နာရီ နောက်ဆုံးအချိန်ထိ လာရောက်ထုတ်ယူသူမရှိရင် ဖိတ်ကြားခံရသူအမည်စာရင်းကို ပယ်ဖျက်လိုက်မှာပါ။ တကယ်လို့ ဖိတ်ကြားခံရတဲ့စာရင်းမှာ မပါဝင်ပေမယ့် ဒီအခမ်းအနားကိုတက်ရောက်လိုတဲ့ ဆန္ဒရှိသူတွေကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင် အတတ်ပညာရှင်တွေက လျှောက်လွှာပုံစံကို ရယူဖြည့်စွက်ပြီး အစည်းအရုံးဝင် ကတ်မိတ္တူနဲ့တကွ လျှောက်ထားနိုင်ပေမဲ့ ဇန်နဝါရီ ၂၈ ရက် ညနေ သတ်မှတ်တဲ့ အချိန်ကျော်ရင်တော့ ဘယ်လျှောက်လွှာကိုမှ လက်ခံခွင့်ပြုမှာ မဟုတ်ပါဘူး။ ပိုတဲ့ ခုံအရေအတွက်ပေါ်မူတည်ပြီး လျှောက်ထားလာသူတွေကို ဦးစားပေး ဖိတ်ကြားသင့်သူတွေကို စိစစ်ရေးအဖွဲ့က စိစစ်ပြီး ဇန်နဝါရီ ၃၀ ရက် မနက် ၁၀ နာရီကနေ ၄ နာရီအတွင်းထုတ်ပေးမှာဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက MT News ကို ပြောပါတယ်။

အဆိုပါအခမ်းအနားကိုတော့ ၂ဝ၂၃ ခုနှစ်အတွင်း ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကား ၃၅ ကားရဲ့ ထုတ်လုပ်သူတွေနဲ့အဓိကကျတဲ့ ရုပ်ရှင်အနုပညာရှင်၊ အတတ်ပညာရှင်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ရမှာဖြစ်ပြီး လက်ရှိလုပ်ငန်းလုပ်ကိုင်နေသူ ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ ရုပ်မြင်သံကြားလိုင်းတွေ၊ ဝါရင့်အနုပညာရှင် အတတ်ပညာ ရှင်တွေ ဖိတ်ကြားခံရတဲ့ အနုပညာရှင် အတတ်ပညာရှင်တွေအတွက် ဖိတ်စာတွေကို မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှာ သက်ဆိုင်ရာအလွှာ တာဝန်ခံအသီးသီးထံကတစ်ဆင့် ဖိတ်ကြားခံရသူကိုယ်တိုင် ယနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လည် ၁ နာရီ ကနေ ညနေ ၄ နာရီ အထိ၊ ဇန်နဝါရီ ၂၇ ရက် နံနက် ၁၀ နာရီကနေ ညနေ ၄ နာရီအထိနဲ့ ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီ ကနေ ညနေ ၄ နာရီ အချိန်တွင်းမှာ ကိုယ်တိုင်လာရောက်ထုတ်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ ပွဲတက်ဖိတ်စာကို ဖိတ်ကြားခံရသူကိုယ်တိုင် လာရောက်မထုတ်ယူနိုင်ပါက ကိုယ်စားလာရောက်ထုတ်ယူသူအနေနဲ့ ကိုယ်စားလှယ်လွှဲစာ၊ လာရောက်ထုတ်ယူသူရဲ့ မှတ်ပုံတင်မိတ္တူ၊ ဖိတ်ကြားခံရသူရဲ့ မှတ်ပုံတင် (သို့) အစည်းအရုံးဝင်ကတ်မိတ္တူတို့ကို တင်ပြပြီး ထုတ် ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဖိတ်ခံရသူတွေက ဖိတ်စာတွေကို ထပ်ဆင့်လွှဲပြောင်းခွင့်မပြုထားသလို ဖိတ်ကြားခံရသူနဲ့ဖိတ်စာတို့ကို တိုက်ဆိုင်စစ်ဆေးပြီး နေပြည်တော်မြို့ရှိ လုံခြုံရေး ရင်ထိုးတံဆိပ်တွေ၊ လက်ကိုင်ဖုန်းဝင်ခွင့် စတေကာတွေနဲ့ ယာဉ်ဝင်ခွင့်တွေကိုထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဖိတ်ခံရသူနဲ့ တက်ရောက်မယ့်သူ အချက်အလက်ကွဲနေတဲ့ ဖိတ်စာတွေကို လုံခြုံရေး ရင်ထိုး တံဆိပ်တွေ လက်ကိုင်ဖုန်းခွင့်ပြုချက် စတေကာတွေကို လုံခြုံရေးတာဝန်ရှိသူတွေက လုံးဝထုတ်ပေးမှာမဟုတ်ဘူးလို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *