October 18, 2024

MT News

၂၅. ၁. ၂၀၂၄

◾အထက်တန်းကျောင်းကို PDF က ဒရုန်းဗုံးချ၍ ကျောင်းသား ၃ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီခန့်တွင် ပုလဲမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်း ကျောင်း(ပုလဲ)အား PDF ၁၀ ဦးခန့်မှ စာသင်ကျောင်း ၏အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာ လယ်ကွင်းများဘက်မှနေ၍ Drone ယာဉ်အသုံးပြု၍ Drop Bomb နှစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ Drop Bomb များမှာ စာသင်ကျောင်း ဝင်ပေါက်အနီး မြေကွက်လပ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ပညာသင်ကြားနေသည့် ကျောင်းသားများဖြစ်သော မောင်ညီခန့်ဇော် (၁၅)နှစ် Grade-8၊ မောင်လင်းပြည့်အောင် (၁၄)နှစ် Grade-7 နှင့် မောင်မင်းပြည့်အောင် (၁၂)နှစ် Grade-4 တို့သုံးဦးတွင် ဗုံးသီးစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

◾ လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က ပစ်ခတ်ဖျက်ဆီးမှုကြောင့် နေအိမ် ၁၀ ရာခိုင်နှုန်းခန့် မီးလောင်ပြာကျဟု သတင်းမှားဖြန့်

ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ PDF လက်နက်ကိုင်များ ဝင်ရောက်တိုက်ခိုက်သည့် အချိန်မှစ၍ လွိုင်ကော်မြို့ရှိ ပြည်သူ့နေအိမ်များကို တပ်မတော်က ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းတို့ကြောင့် လွိုင်ကော်မြို့မဈေးကြီး အပါအဝင် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့ရကြောင်း Khit Thit က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေမှုနှင့်ပတ်သက်၍ ဖြစ်စဥ်အမှန်မှာ လွိုင်ကော်မြို့တွင် နယ်မြေတည် ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို PDF များက ပြည်သူများနေထိုင်ရာ အဆောက်အဦများကို အကာအကွယ်ယူ၍ တိုက်ခိုက်ခြင်း၊ ဆုတ်ခွာထွက်ပြေးရာတွင်လည်း နေအိမ်များကို မီးရှို့ခဲ့ခြင်း၊ လက်လုပ်စိန်ပြောင်း၊ လက်လုပ် ဗုံးသီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများကြောင့် နေအိမ်အဆောက်အဦများနှင့် လွိုင်ကော်မြို့မဈေးကြီး မီးလောင်ပျက်စီး ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

◾ နတ်ရေတွင်းကျေးရွာ၊ ရေလည်မှော်ကျေးရွာနှင့် ရွာမကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးဟု သတင်းအမှားဖြန့်

ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာ၊ ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာနှင့် စစ်ကိုင်းမြို့နယ်၊ ရွာမကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက် နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်‌ဝေလျက်ရှိသည်။

အဆိုပါဖြစ်စဥ်များနှင့် ပတ်သက်၍ သတင်းအမှန်မှာ ဇန်နဝါရီ ၂၃ ရက်နေ့တွင် PDF များက ပေါင်းတည်မြို့နယ်၊ နတ်ရေတွင်းကျေးရွာသို့ရောက်ခဲ့ပြီး ကျေးရွာအပြင်ဘက်ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံတစ်ဦးမှ သတင်းပေးပို့သည့်အတွက် ဇန်နဝါရီ ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် နတ်ရေတွင်းကျေးရွာ အနီးသို့ရောက်ရှိစဉ် PDF များမှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်၍ ကျေးရွာရှိ နေအိမ်များအား မီးရှို့ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့အတူ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာမကျေးရွာနှင့် အနီးဝန်းကျင်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်မှု မရှိခဲ့ကြောင်းနှင့် မြေပြင်သတင်းကြားသိချက်အရ PDF များက ထိုရွာရှိ ကုန်စုံဆိုင်မှ ပစ္စည်းများနှင့်ငွေများ လုယက်ယူ ဆောင်ထွက်ပြေးသွားခဲ့ကာ ထွက်ပြေးချိန်တွင် နေအိမ်အချို့အား မီးရှို့ခဲ့ရာမှ ကုန်စုံဆိုင် အပါအဝင် နေအိမ် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဝက်လက်မြို့နယ်၊ ရေလည်မှော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၂၄ ရက်နေ့တွင် မီးရှို့ခဲ့မှုကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရပြီး လုံခြုံရေး တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ၎င်းရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်အတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် သွားရောက်ခဲ့ခြင်း မရှိကြောင်းနှင့် ရေလည်မှော်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သည် ဆိုသည်မှာ လုပ်ကြံရေးသားထားသည့် သတင်းအမှားများသာဖြစ်ကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *