October 18, 2024

MT News
Written by Nay Moe

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ အုတ်ရေတွင်းလမ်းမှာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက် ည ၆ နာရီခွဲခန့်အချိန်မှာ PDF တစ်ဦးက ရာအိမ်မှူးတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ခံရသူဟာ ဦးခေါင်းကျည်ထိပြီး အပြင်းအထန်စိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဖြစ်စဥ်က တောင်သူကုန်းရပ်ကွက်၊ နှင်းဆီခြံလမ်းနေ ရာအိမ်မှူး ဦးစောလယ်ထူး (ခ) တွတ်ပီ (၅၈) နှစ်ဆိုသူဟာ နေအိမ်ကနေ အုတ်ရေတွင်းလမ်းကို လမ်းလျှောက်သွားရောက်ချိန် အုတ်ရေတွင်းလမ်း၊ နေအိမ်တစ်ခုရှေ့အရောက်မှာ PDF တစ်ဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ရာအိမ်မှူး ဦးစောလယ်ထူး (ခ) တွတ်ပီမှာ ဦးခေါင်း ဝဲဂျိုစောင်း ထိမှန်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့လို့ ကုတင် (၁၀၀၀) ဆေးရုံကြီးကို တင်ပို့ ဆေးကုသမှုခံယူနေရပြီး အခင်းဖြစ်ပွားသည့်နေရာကနေ Luger ကျည်ခွံ ၂ ခု တွေ့ရှိခဲ့တယ်လို့လည်း ကနဦးသိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး PDF ထောက်ခံတဲ့ သတင်းချန်နယ်တွေမှာ ဦးခေါင်းကို ပစ်ခတ်ခံရသူ ဦးစောလယ်ထူးဟာ သေဆုံးသွားပြီဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်းစိန်မြို့နယ်ထဲမှာ စစ်ဆေးနေကြောင်း သိရသလို အသေးစိတ်အချက်အလက်တွေကို MT News က ဆက်လက်အတည်ပြုနေပြီး ထပ်မံသိရှိရတာတွေ ဆက်လက်ဖော်ပြပေးပါ့မယ်။

Leave a Reply

Your email address will not be published. Required fields are marked *