၂၆. ၁. ၂၀၂၄
Written by Nay Aung
ထိုင်းနိုင်ငံမှာ ခြင်္သေ့ပေါက်ကို ကားနောက်ခန်းထဲ ထည့်ပြီး ကားပတ်မောင်းခဲ့သူ အမျိုးသမီးတစ်ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံရဖွယ် ရှိနေတယ်လို့ South China Morning Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၁ ရက်မှာ Ann Isaan Russia အမည်နဲ့ ဖေ့ဘွတ်ခ်အသုံးပြုသူတစ်ဦးဟာ “This is Pattaya!”ဆိုတဲ့ ကပ်ရှင်ထိုးပြီး ပတ္တရားမြို့မှာ ခြင်္သေ့ပေါက်တစ်ကောင်ကို ဘန်တလေကား နောက်ခန်းထဲ ထည့်ပြီး ကားမောင်းနေတဲ့ရုပ်သံဖိုင်ကို လူမူကွန်ရက်မှာ တင်ခဲ့ရာ လူအများစိတ်ဝင်စားမှု မြင့်တက်နေခဲ့ပါတယ်။ အဲဒီရုပ်သံဖိုင်ထဲမှာ ခြင်္သေ့ကို အစိမ်းရောင်လည်ပတ် ဝတ်ဆင်ပေးထားပြီး ကြိုးချည်ထားခဲ့ကြောင်း၊ ခြင်္သေ့က ငြိမ်သက်စွာ ထိုင်နေပြီး ပတ်ဝန်းကျင်ကို ငေးကြည့်နေပေမဲ့ လမ်းသွားလမ်းလာတွေကတော့ ခြင်္သေ့ ခုန်ဆင်းလာမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ခဲ့ရကြောင်း ဆိုပါတယ်။ အဲဒီကားပေါ်မှာ ထိုင်နေတဲ့ ခြင်္သေ့ဟာ ၄ လ ဒါမှမဟုတ် ၅ လအရွယ်လောက်သာရှိသေးကြောင်း၊ ရုပ်သံဖိုင်ကိုတွေ့မြင်ရသူတွေက ပြောပါတယ်။
ထိုင်းအမျိုးသား ဥယျာဉ်၊ တိရိစ္ဆာန်နဲ့ အပင်များထိန်းသိမ်းရေးဦးစီးဌာနဟာ ခြင်္သေ့ပေါက်ကို ကားပေါ်မှာတင်ပြီး မောင်းနှင်နေတဲ့ ရုပ်သံဖိုင်ကို တွေ့ရှိခဲ့ပြီးနောက်အဲဒီ ကားမောင်းသွားလာသူရဲ့အိမ်ကို အသွင်ယူစုံစမ်းစစ်ဆေးခဲ့ပါတယ်။
ခြင်္သေ့ကို ကားပေါ်မှာတင်ပြီး ပတ္တရားမြို့အတွင်း မောင်းနှင်သွားလာနေသူဟာ ဆာဝမ်ဂျစ် ကိုဆွန်နန်ဆိုသူအမျိုးသမီးဖြစ်ပြီး ရက်ချာဘူရီပြည်နယ်မှာ တရားဝင်မွေးမြူခွင့်လိုင်စင် ယူထားသူဖြစ်ကြောင်း ထိုင်းအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဆာဝမ်ဂျစ်ဟာ သူ့ရဲ့လိုင်စင်ကို ချွန်ဘူရီပြည်နယ် ပတ္တရားမြို့ထံ ရွှေ့ပြောင်းဖို့ တောင်းဆိုထားကြောင်း၊ ဒါပေမယ့် လက်ရှိအချိန်အထိ တောင်းဆိုချက်က ခွင့်ပြုချက်မရသေးကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဆာဝမ်ဂျစ်ဟာ ခွင့်ပြုချက်မရဘဲ ခြင်္သေ့ကို အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေကို ခေါ်ထုတ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၆ လ၊ အမေရိကန်ဒေါ်လာ ၁၄၀၀ ခန့် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတယ်လို့ ထိုင်းနိုင်ငံ အမျိုးသားဥယျာဉ်များ၊ သားရဲတိရစ္ဆာန်နဲ့ အပင်များထိန်းသိမ်းရေးဌာန အထွေထွေညွှန်ကြားရေးမှူး အက်သာဖွန်က ဆိုပါတယ်။
ဆာဝမ်ဂျစ်ဆိုဟာ သူ့ရဲ့အိမ်မှာမွေးထားတဲ့ ခြင်္သေ့ကို ကားပေါ်တင်ပြီး ဒေါင်တန်းကမ်းခြေကိုလည်းသွားရောက်ခဲ့ကြောင်း၊ ညနေပိုင်းမှ အိမ်ကိုပြန်လာခဲ့ခြင်းမျိုးဖြစ်ကြောင်း အိမ်နီးနားချင်းတွေက ပြောပါတယ်။
Ref scmp