October 18, 2024

ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်ခတ် သတ်ဖြတ်နေစဥ် အပြစ်မဲ့ပြည်သူတစ်ယောက်ပါ သတ်မိလိုက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနီးရှိနေ၍ တာဝန်မယူဟု ပြော

၂၅. ၁. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် ငါန်းဇွန်မြို့ မင်းနေကုန်းရဲစခန်းက ဒုရဲအုပ်တစ်ယောက်နဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို နဂါးနီပြောက်ကျား PDF အဖွဲ့က ချောင်းမြောင်းပစ်ခတ်သတ်ဖြတ်လိုက်တဲ့အပြင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ပစ်သတ်နေချိန် အနားမှာရှိတဲ့ မျက်မြင်သက်သေပြည်သူတစ်ဦးကိုပါ ပစ်သတ်သွားတယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၄ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ်ခန့်မှာ မြင်းခြံမြို့နယ် သက္ကယ်ကျင်းကျေးရွာအဝင် မြင်းခြံ – နဘူးအိုင် – မြို့သာကားလမ်းပေါ်မှာ ငါန်းဇွန်မြို့နယ် မင်းနေကုန်းရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၃ ဦး ဆိုင်ကယ်တစ်စီးနဲ့ နဘူးအိုင်ရွာကို လက်နက်မဲ့စျေးဝယ်သွားချိန် နဂါးနီပြောက်ကျား PDF အဖွဲ့က သတ်ဖြတ်လိုက်တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မူမှာ မင်းနေကုန်းရဲစခန်းက ဒုရဲအုပ်ကျော်ကျော်ဆန်းနဲ့ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သလို ဒီလိုပစ်သတ်နေချိန်မှာ သတ်ကွင်းထဲ အပြစ်မဲ့ပြည်သူတစ်ယောက် ရောက်လာတာကြောင့် ပစ်ခတ်သတ်ဖြတ်လိုက်သလို ဒီလိုမျိုး ပြည်သူတစ်ယောက်သေဆုံးရလို့ ဝမ်းနည်းမိကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနားမှာရှိနေချိန် ပစ်ခတ်မိလို့ သေဆုံးရင် တာဝန်မယူဘူးလို့လည်း နဂါးနီပြောက်ကျား PDF တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နဂါးနီပြောက်ကျားအဖွဲ့က ထုတ်ပြန်တဲ့ရုပ်သံမှာလည်း သူတို့ PDF ငါးယောက်၊ ခြောက်ယောက်အဖွဲ့ဟာ လမ်းဘေးခြုံတွေကြားက စောင့်နေပြီး ရောက်လာတဲ့ ဆိုင်ကယ်ကို ပစ်ခတ်နေသလို ကျည်ထိမှန်လဲကျသူနဲ့ ဒဏ်ရာနဲ့မောင်းပြေးတဲ့သူနောက် ပြေးလိုက်ရင်းပစ်ခတ်နေတာကိုလည်း တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ်ကလည်း မြင်းခြံမြို့နယ် ဆီမီးခုံနယ်မြေရဲစခန်းက ဒုရဲအုပ်ထင်အောင်ကျော်နဲ့ ရဲမေ ၂ ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ ရဲမေတစ်ဦးရဲ့ခင်ပွန်း အရပ်သား တစ်ဦးကိုလည်း မြင်းခြံ PDF တွေဖြစ်တဲ့ MP 9 PDF အဖွဲ့၊ တလုတ် PDF တပ်ရင်း ၂ နဲ့ မိုင်းရာဇာအဖွဲ့တို့က သတ်ဖြတ်ပြီး လက်နက်တွေလုယက်သွားမှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *