October 18, 2024

၂၅.၁.၂၀၂၄
Written By Thandar

ခေတ်အဆက်ဆက် ပရိသတ်အားပေးမှုများစွာ ရရှိလာတဲ့ “တာတေ” ၏ လျှို့ဝှက်ဆန်းကြယ်စွန့်စားခန်းများ ဇာတ်လမ်းတွဲ (Season 2) စာနယ်ဇင်းမိတ်ဆက်ပွဲကို ယနေ့ ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် M3 Food Centre မှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ တာတေရဲ့ ဇာတ်တွေကို အရင်လေ့လာကြည့်ရှုမှု နည်းနည်းရှိခဲ့တယ်။ ဒါပေမယ့် အကုန်လုံးတော့ မကြည့်ဖြစ်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေအိုက်တင်တွေကို အတုယူသလိုဖြစ်မှာစိုးလို့ပါ။ ပထမ Season 1 အပိုင်း စထုတ်လွှင့်ခဲ့ချိန်မှာ ပထမပိုင်းမှာ ပရိသတ်စိတ်ဝင်စားမှု နည်းခဲ့ပေမယ့် ထိထိရောက်ရောက်ကြီး အောင်မြင်မှု မရသေးဘူးလို့ထင်တယ်။ တချို့ကတော့ သူတို့က အန်နီးမေးရှင်းဖန်တီးတာမို့ ငပေါကြီးတွေပါလို့ ဝေဖန်မှုတချို့ရှိပေမယ့် ခုနောက်ပိုင်းမှာ အားပေးမှု အနည်းငယ်ရလာလို့ ပီတိဖြစ်ရပါတယ်။ ခုကတော့ Season 2 ဆက်လက် ရိုက်ခွင့်ရလို့ ဝမ်းသာရပါတယ်။ ရိုက်ကူးနေကြ တာတေကိုမှ လျှို့ဝှက်ဆန်းကြယ်စွန့်စားခန်းတွေကို အန်နီးမေးရှင်းတွေနဲ့ အကောင်းဆုံး ပုံဖော်သွားမှာပါ”လို့ သရုပ်ဆောင် နေဓနက MT News ကိုပြောပါတယ်။

အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း တာတေ ၊ ဇာတ်ညွှန်း လှဝင်း (အေဝမ်း)က ရေးသားပြီး ဒါရိုက်တာ ရွှေဇင်မင်းကျော်က သရုပ်ဆောင် နေဓန၊ ယွန်းသဒ္ဒါဟန်၊ ထူးသာ၊ ညီဂျော်၊ ဖိုးတာ၊ ကျော်သစ် ၊ ဦးဟန်ဝင်းဇော်၊ သူဇာပွင့်၊ ပိုးဝါလေး၊ ဒေါ်မာမာကြည်၊ စိန်ပဲကျော်အဖွဲ့နဲ့ အနုပညာရှင်များစွာ ရိုက်ကူးမှာဖြစ်ပါတယ်။

“တာတေ” Season 2 ကတော့ အပိုင်း ၁၃ ပိုင်းပါဝင်မှာဖြစ်ပြီး ရန်ကုန်မြို့ သန်လျင်မြို့နယ်ဘက်မှာ ဇန်နဝါရီ ၂၇ ရက်ကြရင် စတင် ရိုက်ကူးမှာဖြစ်ပါတယ်။

ထက်ထုတ်လုပ်ရေးအနေနဲ့ အဆိုပါ ဇာတ်လမ်းတွဲကို အပိုင်း ၆၀ ကျော် ထုတ်လုပ်ပြသခဲ့ပြီး “တာတေ” Season 1 မှာ အပိုင်း ၁၂ ပိုင်းကို Fortune TV က ထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *