October 18, 2024

၂၅. ၁. ၂၀၂၄
Written by Ye Kyaw

ဓာတ်မြေဩဇာကို တင်သွင်းလိုသည့်ကုမ္ပဏီများနေသော်လည်း ဈေးနှုန်းသက်သာချိန်တွင် လိုအပ်သလောက် မဝယ်ယူနိုင်သည့် အားနည်းချက်များတွေ့ရှိရ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် တင်သွင်းမည့် အစီအစဉ် (Plan)ကို ပြုစုတင်ပြရမည်ဖြစ်ပြီး ဖြန့်ဖြူးရေးတင်ဒါကိုလည်း ဈေးပြိုင်စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဇန်နဝါရီ ၂၄ ရက်တွင် ပြုလုပ်သည့် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသည်။

စိုက်ပျိုးသီးနှံများ အထွက်နှုန်းတိုးစေရေးတို့အတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော စံချိန်စံညွှန်းပြည့်ဝသည့် ဓာတ်မြေဩဇာများနှင့် ပိုးသတ်ဆေးများကို ဈေးနှုန်းသက်သာစွာဖြင့် ရာသီချိန်အမီ ဖြန့်ဖြူး ရောင်းချပေးနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်သည်။

သို့သော် အားနည်းချက်များအနေဖြင့် နိုင်ငံတကာဈေးနှုန်းများ မြင့်တက်ချိန်တွင် ကုမ္ပဏီများက စာချုပ်ချုပ်ဆိုထားခြင်း၊ ဈေးနှုန်းသက်သာချိန်တွင် လိုအပ်သလောက် မဝယ်ယူနိုင်ခြင်း၊ ကုမ္ပဏီများအနေဖြင့် သွင်းအားစုများကို တင်သွင်းလိုသူများပြီး သက်ဆိုင်ရာဌာနများက သွင်းကုန်လိုင်စင်ပေါင်းများစွာအတွက် စိစစ်ဆောင်ရွက်ပေးနေရခြင်း၊ ယှဉ်ပြိုင်မှုမရှိခြင်း စသည့် အချက်များကို တွေ့ရှိရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ကြောင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ရာသီအလိုက်၊ လအလိုက် လိုအပ်ချက်စာရင်းများကို စိုက်ပျိုးရေးဦးစီးဌာန၏ မြေဩဇာအသင်းတို့က ပေးပို့ပေးရန်၊ တင်သွင်းမည့် အစီအစဉ် Plan ကို ပြုစုတင်ပြပေးရန်၊ သွင်းအားစုများအချိန်မီရရှိရေး၊ အရည်အသွေးပြည့်မီရေးနှင့် ဈေးနှုန်းသက်သာအောင် ကြီးကြပ်ဆောင်ရွက်ပေးရန်၊ အချိန်မီအောင် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆွေးနွေးဆောင်ရွက်ထားရန်၊ ဈေးနှုန်းသက်သက်သာသာဖြင့် ဖြန့်ဖြူးနိုင်ရေးအတွက် ဖြန့်ဖြူးရေးတင်ဒါကို ဈေးပြိုင်စနစ်ဖြင့် စတင်ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်အထိ သတ်မှတ်ထားသည့် ပြည်တွင်း ဓာတ်မြေဩဇာ ရန်ကုန်အထိုင် ဈေးနှုန်းများမှာ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရောင်းချပေးမှုသည် ယူရီးယား(ပုလဲအလုံးကြီး) တစ်အိတ်လျှင် ၆၈,၈၀၀ ကျပ်၊ ကွန်ပေါင် (၁၅ ပတ်လည်) တစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှင့် ပြင်ပဈေးကွက်တွင် ယူရီးယား(ပုလဲအလုံးကြီး) တစ်အိတ်လျှင် ၇၇,၀၀၀ ကျပ်၊ ကွန်ပေါင် (၁၅ ပတ်လည်) တစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်ရှိကြောင်း သမဝါယမနှင့် ကျေးလတ်ဖွံ့ဖြိုးရေးဝန်ကြီးဌာမှ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် အထက်ပါဈေးနှုန်းအတိုင်း ရောင်းချပေးမှု၌ သက်ဆိုင်ရာမြို့နယ်များ သယ်ယူစရိတ် အခြားစရိတ်များရှိနိုင်ပြီး လက်ရှိတွင် တောင်သူတစ်ဦးချင်းအား ရောင်းချပေးနိုင်ရန် အခက်အခဲရှိ၍ တောင်သူ ၅ ဦးမှ ၁၀ ဦးခန့် စုပေါင်း၍ လိုအပ်သော ပမာဏကို ဆက်သွယ်လာပါက ရောင်းချပေးလျက်ကြောင်း ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာ ၂၃ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *