October 18, 2024

၂၅. ၁. ၂၀၂၄
Written by Pan Ei

တရုတ်နိုင်ငံ ဂျောင်ရှီပြည်နယ် ဆင်ရုမြို့ရှိ လမ်းဘေးဆိုင်တစ်ဆိုင်မှာ မနေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာက လူ ၃၉ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တရုတ်အစိုးရမီဒီယာနဲ့ ဒေသဆိုင်ရာ အစိုးရက ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၂၄ ရက်)မှာ ပြောကြားခဲ့သလို မီးလောင်ချိန်က ဈေးဆိုင်အဆောက်အအုံထဲ လူတချို့လည်း ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဂျောင်ရှီပြည်နယ် ရုရှူအိခရိုင်ရှိ ဆိုင်ရဲ့ မြေအောက်ထပ်ကနေ စတင်ခဲ့တာဖြစ်ပြီး ထူထဲတဲ့ အနက်ရောင် မီးခိုးငွေ့တွေဟာ ဆိုင်ထဲက ထွက်ပေါ်လာနေကာ အဆောက်အအုံ ပြတင်းပေါက်တွေကနေ လူတွေခုန်ချတာတွေကိုလည်း ဆိုရှယ်မီဒီယာပေါ်က ဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

အဆိုပါမီးလောင်မှုအပြီးမှာ မတော်တဆမှုတွေကို တားဆီးဖို့နဲ့ ပြည်သူတွေရဲ့ ဘေးကင်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြဖို့ တရုတ်သမ္မတ ရှီကျင့်ဖိန်က တောင်းဆိုခဲ့တယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပြီး မီးလောင်ရတဲ့အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေသဆိုင်ရာ အစိုးရက ပြောကြားခဲ့ပါတယ်။

လုံခြုံရေးစံနှုန်းတွေ ပေါ့လျော့မှုနဲ့ စည်းကမ်းလိုက်နာမှု ညံ့ဖျင်းတာတွေကြောင့် တရုတ်နိုင်ငံမှာ ခုလို လူအသေအပျောက်များတဲ့ မီးလောင်ကျွမ်းမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန်ပြည်နယ်မှာ ကျောင်းအဆောင် မီးလောင်မှုကြောင့် ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ရာ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝန်ထမ်းခုနစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Ref; Reuters

Leave a Reply

Your email address will not be published. Required fields are marked *