၂၅. ၁. ၂၀၂၄
Written by Hey Mar
ပြည်နယ်နဲ့ တိုင်းများအလိုက် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်မယ့် အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့ မိုးလေဝသနဲ့ ရာသီဥတု ပြောင်းလဲခြင်းတွေကို စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းရေး Model တွေ၊ အမေရိကန်အခြေစိုက်-အမျိုးသားမိုးလေဝသဌာန(NOAA – National Weather Service)နဲ့ ဩစတေးလျမိုးလေဝသဌာနထုတ်ပြန်ချက်တွေကို ကိုးကားရှင်းပြပါတယ်။
ကမ္ဘာ့တောင်ဘက်ခြမ်း၊ ဩစတေးလျတိုက်နဲ့ အာဖရိကအရှေ့ဘက်က အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းမှာ မုန်တိုင်းတွေဖြစ်ပေါ်နေတဲ့ အတွက် မြောက်ဘက်ခြမ်းကို အနည်းငယ်ရိုက်ခတ်လာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်နဲ့ အိန္ဒိယနိုင်ငံအရှေ့ဘက်ခြမ်းက လေစီးကြောင်းတွေနဲ့အတူ မိုးတိမ်တချို့က မြန်မာနိုင်ငံဘက်ရွေ့လာကာ မြောက်ဘက်က လေအေးတွေနဲ့တွေ့ဆုံတဲ့အတွက် အချိန်အခါမဟုတ် မိုးပါးပါးရွာတာတွေ ဖြစ်လာမယ်လို့ စောင့်ကြည့်လေ့လာသူက ဆိုပါတယ်။
မိုးရွာသွန်းနိုင်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ခန့်မှန်းရာမှာ မွန်ပြည်နယ် ၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ရန်ကုန် တိုင်း ၊ မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ချင်းပြည်နယ် ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ အရှေ့ပိုင်း ၊ တောင်ပိုင်းတွေမှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ကနေ နောက် ၃ ရက်အထိ မိုးရွာသွန်းမှုဖြစ်စဥ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
မိုးရေချိန် ၂၅ လက်မအထက် ရွာသွန်းနိုင်တဲ့ နေရာတွေက ဟားခါး ၊ ကလေးမြို့၊ ကွတ်ခိုင် ၊ တကောင်း ၊ မိုးကုတ် ၊လားရှိုး၊ တန့်ဆည် စတဲ့ မြို့တွေဖြစ်ပြီး ၊ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းမှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနဲ့ အရှေ့ပိုင်း)၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာမယ်လို့ သိရပါတယ်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပြီး ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ သိရပါတယ်။