October 18, 2024

၂၄.၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်ကမ်းရိုးတန်း ပင်လယ်ကြမ်းပြင်မှာ နှစ်ပေါင်း ၄၀၀ လောက်နစ်မြုပ်နေခဲ့တဲ့ ကမ္ဘာအဖိုးအတန်ဆုံးသ‌င်္ဘောပျက်လို့တောင်ဆိုရမယ့် နစ်မြုပ်သင်္ဘောပျက်ကနေပြန်လည်တွေ့ရှိရတဲ့ အဖိုးတန် ကျောက်မျက် လက်ဝတ်ရတနာပစ္စည်းတွေထဲက သုံးမျိုးကို ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ နယူးယော့ခ်မြို့မှာ ခင်းကျင်းပြသသွားမယ်လို့ သိရပါတယ်။

Nuestra Senora de Atocha အမည်ရှိ ဒီသင်္ဘောက ဖလော်ရီဒါကမ်းခြေအနီး ပင်လယ်ပြင်မှာ ၁၆၂၂ ခုနှစ် စက်တင်ဘာလအတွင်းကနစ်မြုပ်ခဲ့တာပါ။ သင်္ဘောပျက်ရဲ့ ၂၀ ရာစုနောက်ပိုင်းမှာပြန်တွေ့ခဲ့တဲ့ အဓိကပစ္စည်းတွေအနက် သုံးခုကို ခင်းကျင်းပြသသွားမှာလည်းဖြစ်တယ်လိုဆိုပါတယ်။ ဒီပစ္စည်းတွေက ကိုလိုနီ နယ်မြေသစ်ရှာဖွေသူ စပိန်ဘုရင် ပိုင်ဆိုင်တဲ့ပစ္စည်းတွေလို့လည်း သိရပါတယ်။

နယူးယော့ခ်မှာ ဒီနှစ်ပြုလုပ်ဖို့မျှော်လင့်ရတဲ့ ပြပွဲမှာ Nuestra Senora de Atocha သင်္ဘောပျက်မှာတွေ့ခဲ့ရတဲ့ မြနဲ့ပြုလုပ်ထားတဲ့ လက်ဝါးကပ်တိုင်အဆောင်၊ ရွှေနဲ့ မြတို့ ပေါင်းစပ်ပြုလုပ်ထားတဲ့ တော်ဝင်ဘောလုံးနဲ့ ရွှေနဲ့ မြတို့နဲ့ ပြုလုပ်ထားတဲ့ လက်စွပ်တို့ကို ပြသမယ်လို့လည်း သိရပါတယ်။

Nuestra Senora de Atocha သင်္ဘောနဲ့ ကျောက်မျက် ရတနာတွေအားလုံးက စပိန်ဘုရင် ဖိလစ် IV က ပိုင်ဆိုင်တာပါ။ ၁၆၂၂ ခုနှစ်မှာတော့ စပိန်ဘုရင်နဲ့မိသားစုဟာ လူ ၂၆၅ ဦးလိုက်ပါလျက် အဖိုးတန် ရွှေငွေ ရတနာပစ္စည်းတွေ တန် ၄၀ ခန့်နဲ့အတူ အခုအခါ ကျူးဘားနိုင်ငံမြို့တော်ဖြစ်တဲ့ ဟာဗားနားကနေ ထွက်ခွာလာတာပါ။ ဒါတွေကို ကိုလံဘီယာ၊ ပီရူး၊ မက္ကဆီကိုနဲ့ ဗင်နီဇွဲလားနိုင်ငံတွေက ရရှိလာတာလို့ ဆိုပါတယ်။

ဒါပေမယ့် စပိန်ရွက်သင်္ဘောကြီး Nuestra Senora de Atocha နဲ့ အတူပါလာတဲ့ Santa Margarita သင်္ဘောတို့ဟာ ခရီးစဉ်အတွင်းမှာ ဟာရီကိန်းမုန်တိုင်းတစ်လုံးရဲ့ ရက်အတန်ကြာတိုက်ခတ်မှုနဲ့ကြုံခဲ့ရပြီး လူပေါင်းများစွာသေဆုံးကာ နယ်မြေသစ်ရှာ စပိန်ဘုရင်မှာလည်း သေဆုံးခဲ့တာပါ။ ဒါကြောင့် နယ်မြေသစ်တွေက ရရှိလာတဲ့ ကျောက်မျက်ရတနာတွေရော၊ သူတို့ရဲ့ ကိုယ်ပိုင်အဖိုးတန်ပစ္စည်းတွေပါ နစ်မြုပ်တဲ့ထဲ ပါသွားခဲ့ကြပါတယ်။

ရွှေ၊ ငွေ၊ ကြေး၊ ကျောက်မျက်အမျိုးမျိုး၊ ဆေးရွက်ကြီးစတဲ့ စပိန်ဘုရင်ရရှိထားတဲ့ပစ္စည်းတွေဟာ များပြားလွန်းလို့ Nuestra Senora de Atocha သင်္ဘောပေါ်ကို နှစ်လလောက် တင်ယူခဲ့ရတယ် ဆိုပါတယ်။ ကိုလံဘီယာနိုင်ငံ မူဇို သတ္တုတွင်းကရရှိလာတဲ့ ကျောက်မျက်တွေဆိုရင်လည်း အခုကာလတန်ကြေးနဲ့ ဒေါ်လာ ၁ ဒသမ ၁ ဘီလျံတန်ဖိုးရှိမယ်လို့တောင် ခန့်မှန်းကြပါတယ်။ သင်္ဘောနစ်မြုပ်ရာနေရာက ဖလော်ရီဒါပြည်နယ်၊ Key West ကမ်းခြေကနေ အနောက်ဘက်ကို မိုင် ၃၀ ကနေ မိုင် ၇၀ ကြား ကွာဝေးတယ်လို့လည်း သိရပါတယ်။

သင်္ဘောပျက်ကို စပိန်ရှာဖွေရေးသမားတွေက နှစ်ပေါင်း ၆၀ လောက်ရှာခဲ့ကြပေမယ့် မတွေ့ခဲ့ပါဘူး။ ၁၉၈၅ ခုနှစ် မှာတော့ သင်္ဘောပျက်ကိုယ်ထည်ကနေ အချို့သော ရတနာတွေ ပြန်တွေ့ခဲ့တာပါ။ ဒီထဲမှာ ကိုလံဘီယာ မြ ၇၀ ပေါင်၊ ငွေပြား ၁၈၀,၀၀၀၊ ဘိုလီးဗီးယားငွေထည် ၂၄ တန်၊ ရွှေချောင်း ၁၂၅ ချောင်းနဲ့ ဗင်နီဇွဲလားပုလဲတွေပါဝင်ပါတယ်။ အဖိုးတန် ကျောက်မျက်အများအပြားကတော့ ပင်လယ်ကြမ်းပြင်အောက်မှာ ရှိနေကြဆဲဖြစ်မှာပါ။ တွေ့ရှိတဲ့ထဲက မူလပုံစံအခြေအနေအတိုင်းရှိတဲ့ တော်ဝင် လက်ဝါးကပ်တိုင်အဆောင်၊ တော်ဝင်ဘောလုံးနဲ့တော်ဝင်လက်စွပ်သုံးမျိုးကိုတော့ နယူးယော့ခ်မြို့ ပြပွဲမှာ ပြသွားမှာလို့ဆိုပါတယ်။

ဒါကြောင့် ပင်လယ်ကြမ်းပြင်အောက်မှာ နှစ် ၄၀၀ လောက်နေခဲ့ရတဲ့ ရတနာပစ္စည်းသုံးမျိုးကိုတော့ နယူးယော့ခ်ပြပွဲမှာတွေ့ကြရမှာဖြစ်ပါတယ်။

Ref – MSN

Leave a Reply

Your email address will not be published. Required fields are marked *