၂၄ .၁ .၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ပြည်လမ်းမပေါ် ၈ မိုင်တံတား အဆင်းမှာ စက်ဘီးနဲ့ ကားမတော်တဆတိုက်မိပြီး စက်ဘီးစီးလူငယ်သေဆုံးခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၂၄ ရက် နေ့လည် သုံးနာရီဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မြေပြင်သွားရောက်ကူညီခဲ့တဲ့ မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူထံက သိရပါတယ်။
သေဆုံးသူ လူငယ်ဟာ အသက် ၁၉ နှစ်ဝန်းကျင်လို့ ခန့်မှန်းရပြီး လမ်းတစ်ဖက်ကို စက်ဘီးနဲ့ ဖြတ်အကူးမှာ တံတားပေါ်က ဆင်းလာတဲ့ယာဥ်နဲ့ တိုက်မိတာလို့ ဖြစ်စဥ်အနီး မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။
“ကား တိုက်တယ်ဆိုပြီး ကျွန်တော်တို့ကို ယာဥ်ထိန်းက လူနာသယ်ပေးဖို့ လှမ်းခေါ်တယ်။ အချိန်နဲ့တစ်ပြေးညီ သွားရောက်ခဲ့ပေမယ့် အသက်မမှီလိုက်တဲ့အတွက် စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ ဒဏ်ရာက အတော်ပြင်းထန်ပါတယ်။ ခေါင်းကိုထိသွားတာပါ။ တိုက်တဲ့ကားက ဆလွန်းအဖြူရောင်လေးပါ။ ယာဥ်မှုစစ်လည်း ရောက်ရှိနေပြီး ယာဥ်မောင်းလည်း ရှိနေပါတယ်”လို့ မြန်မာ့ကြယ်ဖြူ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါ အမျိုးသားလူငယ်ဟာ ရေပိုက်ပစ္စည်းတွေ စက်ဘီးနဲ့ သွားဝယ်ပြီးအပြန် အတိုက်ခံရတာလို့ ယူဆရပြီး မိသားစုဝင်တွေ သိရှိစေဖို့လည်း ကူညီ ရှာဖွေ ဆက်သွယ်နေတယ်လို့ သိရပါတယ်။