October 18, 2024

၂၄. ၁. ၂၀၂၄
Written by KL

ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၊ ကျုံဒါတ်ကျေးရွာအုပ်စု၊ ရေတွင်းကုန်းကျေးရွာတွင် ဇန်နဝါရီ ၂၄ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၄ လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုမှာ ပိုင်ရှင် ဦးဇော်မိုး၏ အလျား ၁၅ ပေ၊ အနံ ၂၅ ပေရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်းနေအိမ်တွင် ဖယောင်းတိုင်ထွန်းရာမှ ဘေးအကာဓနိသို့ မီးကူးစက်ရာမှတစ်ဆင့် စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများ၏ အတည်ပြုချက်အရ သိရသည်။

အဆိုပါမီးလောင်မှုမှာ မိနစ် ၃၀ နီးပါးကြာမြင့်ခဲ့ပြီး အလျား ၁၅ ပေ၊ အနံ ၂၅ ပေရှိ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်းနေအိမ် ၂ လုံးနှင့် အလျား ၁၅ ပေ၊ အနံ ၂၅ ပေရှိ သွပ်မိုး၊ ဓနိကာ၊ ဝါးကြမ်းခင်းနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့ရွာက မြစ်ဘေးမှာရှိတဲ့ရွာ။ လေကလည်း အရမ်းတိုက်တဲ့အချိန်ဆိုတော့ အိမ်တွေပါကုန်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါနေအိမ်များမီးလောင်မှုကို ဒေးဒရဲမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *