October 18, 2024

၂၄.၁.၂၀၂၄
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းရှိ ခန်ယူနီးစ်မြို့ကို ဇန်နဝါရီ ၂၃ ရက်မှာ အစ္စရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်လာပြီး မြို့ကို ဝိုင်းရံထားကြတာမှာ မြို့တွင်းက ပါလက်စတိုင်းပြည်သူထောင်ပေါင်းများစွာလည်း နေအိမ်တွေကို စွန့်ခွာပြီးထွက်ပြေးလျက်ရှိကြတယ်လို့ သိရပါတယ်။

ဆေးအဖွဲ့တွေရဲ့ ပြောကြားချက်တွေအရ ခန်ယူနီးစ်မြို့တိုက်ပွဲမှာ အနည်းဆုံး ပါလက်စတိုင်း ၄၀ သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေဘက်ကလည်း ခန်ယူနီးစ်မြို့ထိုးစစ်မှာ တပ်ဖွဲ့ဝင် ၂၄ ဦး ကျဆုံးခဲ့ရတယ်လို့ ကြေညာခဲ့ပါတယ်။ အစ္စရေးတပ်ဖွဲ့တွေက မြို့ကိုဝိုင်းရံကာတိုက်ခိုက်မှုတွေပြုလုပ်လာတာနဲ့အမျှ မြို့နေပါလက်စတိုင်းပြည်သူတွေ လည်း မိမိတို့နေအိမ်တွေက ထွက်‌ပြေးနေကြတယ်လို့ သိရပါတယ်။

ရုပ်မြင်သံကြားပြချက်တွေမှာ ကား၊ ထရပ်ကား၊ နောက်တွဲယာဉ် စတာတွေနဲ့ထွက်ပြေးနေကြသူတွေကို တွေ့ရသလို အုပ်စုလိုက် လမ်းလျှောက်ထွက်ခွာနေသူတွေကို တွေ့ရမှာပါ၊ထွက်ပြေးနေကြသူတွေက ကြောက်မက်ဖွယ်မြင်ကွင်းတွေကို တွေ့ကြုံနေကြရကြောင်းနဲ့ ပါလက်စတိုင်းပြည်သူတွေအဖို့ မိနစ်တိုင်းမှာလိုလို အိမ်ထဲ၊ လမ်းပေါ်မှာ ပစ်သတ်ခံနေရတယ်လို့ဆိုပါတယ်။

၂၀၂၃ အောက်တိုဘာ ၇ ရက်မှစကာ ၂၀၂၄ ဇန်နဝါရီလ ၂၃ ရက်အထိ အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ သေဆုံးသူ ပါလက်စတိုင်းဦးရေ အနည်းဆုံး ၂၅,၄၉၀ ဦးရှိသွားခဲ့ပြီး ဒဏ်ရာရသူ ၆၃,၀၀၀ ကျော်ရှိခဲ့ပြီလို့ သိရပါတယ်။ အောက်တိုဘာ ၇ ရက် ဟားမားစ်တို့ရဲ့တိုက်ခိုက်မှုမှာ သေဆုံးရတဲ့ အစ္စရေးပြည်သူ ၁,၁၃၉ ဦးရှိလာပြီလို့လည်း သိရပါတယ်။

Ref- CNN, Al Jazeera

Leave a Reply

Your email address will not be published. Required fields are marked *