October 18, 2024

◾️ ပြည်တွင်းရွှေဈေးမှာ ကမ္ဘာ့‌ရွှေဈေး ပြန်ကျချိန် ကျဆင်းမှုမရှိဘဲ စျေးတက်ချိန်က အမြင့်ဈေးထက် ထပ်မံမြင့်တက်ကာ ယခုကမ္ဘာ့ရွှေစျေး တည်ငြိမ်ချိန်တွင်လည်း အဝယ်လိုက်၍ဆိုကာ ထပ်မံ ဈေးနှုန်းမြင့်တက်နေ

၂၄. ၁. ၂၀၂၄
Written by Ye Kyaw

ကမ္ဘာ့ရွှေဈေးနှုန်း တည်ငြိမ်နေသော်လည်း ယခုရက်ပိုင်းတွင် ရွှေအတုံးနှင့်အခဲများ ပြန်အဝယ်လိုက်လာ၍ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၈၄၀,၀၀၀ အထိ မြင့်တက်ခဲ့ပြီး အချိုရွှေဆိုင်များ ယနေ့ နံနက်ပိုင်းအထိ ဈေးနှုန်းဖွင့်လှစ်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“အဝယ်ပြန်လိုက်လာတယ်။ ကမ္ဘာ့ရွှေဈေး ငြိမ်နေတယ်ဆိုပေမဲ့ အခုက အတုံး၊ အခဲ အဝယ်လိုက်လာတယ်။ ဒေါ်လာလည်း နည်းနည်းအဝယ်လိုက်လာတာရောပေါ့။ အရင်ရက်တွေက အဝယ်အေးနေတာကနေ ဒီရက်ပိုင်းမှာ အဝယ်ပြန်လိုက်လာတာ” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက MT News သို ပြောသည်။

ကမ္ဘာ့ရွှေဈေးသည် ယခု ဇန်နဝါရီလအလယ်မှစ၍ တစ်အောင်စလျှင် ဒေါ်လာ ၂၀၂၀ မှ ၂၀၃၀ ကြားတွင် တည်ငြိမ်နေခြင်းဖြစ်သလို ပြည်တွင်း ငွေလဲလှယ်နှုန်းမှာလည်း တစ်ဒေါ်လာလျှင် ကျပ် ၃၄၅၀ မှ ၃၅၀၀ ကြားတွင် တည်ငြိမ်နေခြင်းဖြစ်သည်။

သိုသော် ၂၀၂၃ ခုနှစ် နှစ်သစ်ကူးကာလတွင် ကျပ် ၃၇ သိန်း ဝန်းကျင်သာရှိခဲ့သည့် ပြည်တွင်းရွှေဈေးသည် ယခုနှစ် ဇန်နဝါရီလအလယ်မှစ၍ မြင့်တက်လျက်ရှိရာ ဇန်နဝါရီ ၂၂ ရက် ညနေပိုင်းတွင် ကျပ် ၃,၈၀၀,၀၀၀ သို ရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၃ ရက်တွင် ကျပ် ၃,၈၂၅,၀၀၀ သို မြင့်တက်ခဲ့ကာ ယနေ့ ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းအထိ ရွှေဈေးနှုန်းများ ထုတ်ပြန်ထားခြင်းမရှိသေးဘဲ မွန်းလွဲပိုင်းမှ ထုတ်ပြန်ခဲ့ပြီး ကျပ် ၃,၈၄၀,၀၀၀ သို့ ထပ်မံမြင့်တက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် ဗဟိုဘဏ်မှ နိုင်ငံခြားငွေလဲလှယ်နှုန်းအား မထိန်းချုပ်တော့ကြောင်း ကြေညာပြီးနောက် ပြည်တွင်း ရွှေဈေးနှုန်းအတွက် ဒေါ်လာဈေးနှုန်းကို ဈေးကွက်ပေါက်ဈေး တစ်ခုတည်းပေါ်တွင် တွက်ချက်ရခြင်းကြောင့် ပြည်တွင်း‌ရွှေဈေးနှုန်း အတက်အကျသည် ကမ္ဘာ့ရွှေဈေးနှုန်း အတက်အကျပေါ်မှာသာ မူတည်တော့ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YEGA) သိရသည်။

သိုသော် ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့‌ရွှေဈေး ပြန်ကျခဲ့ချိန်တွင် ပြည်တွင်းရွှေဈေး ကျဆင်းမှုမရှိဘဲ ကမ္ဘာ့ရွှေဈေး တက်ချိန် အမြင့်ဈေးထက် ထပ်မံမြင့်တက်နေခြင်းဖြစ်သည့်အပြင် ကမ္ဘာ့ရွှေဈေးနှုန်း တည်ငြိမ်နေချိန်တွင်လည်း ပြည်တွင်း ဝယ်ယူမှုမြင့်လာခြင်းကြောင့်ဆိုကာ ဈေးနှုန်း မြင့်တက်နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း ဖြစ်ပေါ်ခဲ့သည့် ရွှေဈေးနှုန်းနှင့် ဒေါ်လာဈေးနှုန်းများမှာ ဇန်နဝါရီ ၂၀ ရက် ရွှေဈေးနှုန်း ၃,၇၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ရွှေဈေးနှုန်း ၃,၇၉၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ်၊ ဇန်နဝါရီ ၂၂ ရက်တွင် ရွှေဈေးနှုန်း ၃,၈၀၀,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၅၅ ကျပ်၊ ဇန်နဝါရီ ၂၃ ရက်တွင် ရွှေဈေးနှုန်း ၃,၈၂၅,၀၀၀ ကျပ်၊ ငွေလဲလှယ်နှုန်း တစ်ဒေါ်လာ ၃,၄၈၀ ကျပ် ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *