October 18, 2024

၂၄. ၁. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊​ အင်းစိန်မြို့နယ်၊ ပုလဲလမ်းမကြီး၊၁၄ လမ်းဆုံ မီးပွိုင့်အနီးတွင် ဇန်နဝါရီ ၂၃ ရက် ည ၁၀ နာရီ ၁၅ မိနစ်ခန့်က အငှားယာဉ်နှင့် Alphard ကိုယ်ပိုင်ယာဥ်တို့ တိုက်မိရာမှ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကယ်ဆယ်ရေး ဆောင်ရွက်ပေးခဲ့သည့် တွဲလက်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဒဏ်ရာရရှိသူ အမျိုးသား ၃ ဦးမှာ အငှားယာဥ်ပေါ်မှ လိုက်ပါလာသော ယာဥ်မောင်းနှင့်အမျိုးသားနှစ်ဦးဖြစ်ပြီး ပွန်းပဲ့ ဒဏ်ရာနှင့် ထိခိုက်ဒဏ်ရာများရရှိသော်လည်း အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း သိရသည်။

“ယာဥ်မောင်းကတော့ နှုတ်ခမ်းကွဲသွားတယ်၊ အောက်မေးလည်းကွဲတယ်။ မှန်တွေ ထိလို့ မျက်နှာလည်း ပွန်းပဲ့ဒဏ်ရာတွေရတယ်။ ကျန်တဲ့သူတွေလည်း ပွန်းပဲ့ဒဏ်ရာတွေရတယ်”ဟု တွဲလက်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူနှစ်ဦးကို တွဲလက်လူမှုကူညီရေးအဖွဲ့မှ အဖွဲ့ဝင် ၄ ဦး​ဖြင့် မြေပြင်ရှေးဦး သူနာပြုစုပေးမှုများ လုပ်ဆောင်ပြီး အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံသို့ အချိန်မီ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

အလားတူဇန်နဝါရီ ၂၃ ရက် ညနေ ၃ နာရီခန့်ကလည်း အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ပုလဲလမ်း၊သံမဏိစက်ရုံအနီးတွင် တွဲကားကုန်တင်ယာဥ်တစ်စီး ကွေ့ကြောတွင် အရှိန် မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဥ်မောင်းထိခိုက်ဒဏ်ရာရမှုလည်း ဖြစ်ပွားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *