October 18, 2024

၂၄. ၁. ၂၀၂၄
Written by Pan Ei

မွန်ဂိုလီးယားနိုင်ငံမြို့တော် Ulaanbaatar မှာ ဒီနေ့ (ဇန်နဝါရီ ၂၄ ရက်) နံနက်အစောပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားရာက ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဖြစ်စဉ်မှာ သဘာဝဓာတ်ငွေ့ရည် (LNG) တန်ချိန် ၆၀ တင်ဆောင်လာတဲ့ ယာဉ်တစ်စီးဟာ ဗုဒ္ဓဟူးနေ့အစောပိုင်းက ကားတစ်စီးနဲ့ တိုက်မိပြီး ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ မွန်ဂိုလီးယား အမျိုးသား အရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီ (NEMA) က ဝက်ဘ်ဆိုက်မှာ ဖော်ပြခဲ့ပါတယ်။

“ပဏာမ ရလဒ်တွေအရ မီးလောင်မှုမှာ လူ ၃ ဦး သေဆုံးခဲ့ပါတယ်” လို့ NEMA က ဖော်ပြထားပြီး ကယ်ဆယ်ရေးမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ မီးသတ်သမား သုံးဦးလည်း သေဆုံးခဲ့တယ်လို့ သိရသလို လူ ၁၄ ဦးကိုတော့ ဆေးကုသမှု ခံယူဖို့ ပို့ဆောင်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားရာ အနီးနားရှိ တိုက်ခန်းတွေက နေထိုင်သူတွေကို ခေတ္တပြောင်းရွှေ့ထားကာ အာဏာပိုင်တွေက အပျက်အစီးတွေကို ရှင်းလင်းဖို့ လုပ်ဆောင်နေတာကြောင့် အဲ့ဒီဧရိယာတစ်ဝိုက်က လမ်းတွေကို ပိတ်ထားခဲ့တယ်လို့လည်း NEMA က တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

မွန်ဂိုလီးယားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Richard Buangan က “ကြေကွဲဖွယ် မတော်တဆမှုအကြောင်း သိလိုက်ရလို့ အလွန်စိတ်မကောင်းဖြစ်မိပါတယ်။ ဒီဆိုးရွားတဲ့ဖြစ်ရပ်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ NEMA ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ဝမ်းနည်းကြောင်း ထပ်လောင်း ပြောကြားလိုပါတယ်” လို့ ဆိုရှယ်မီဒီယာ ပလပ်ဖောင်း X မှာ ရေးသားဖော်ပြခဲ့ပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *