October 18, 2024

၂၄. ၁. ၂၀၂၄
Translated by Htwe Ko Tun

၂၀၂၄ ခုနှစ် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီမှ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မည့်သူကို ပြည်နယ်များအလိုက် ပါတီတွင်းအကြိုရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာမှာသမ္မတဟောင်း ဒေါ်နယ်ထရန့်က ပြိုင်ဘက် နစ်ကီး ဟာလီကို ဇန်နဝါရီ ၂၃ ရက်က နယူးဟမ့်ရှိုင်းယားပြည်နယ်အတွင်း ထပ်မံအနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

ပါတီတွင်းအကြိုရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့်က ဆန္ဒမဲတွေရဲ့ ၅၄ ဒသမ ၃ ရာခိုင်နှုန်းထောက်ခံမှုကို ရခဲ့ပြီး နစ်ကီး ဟာလီကတော့ ၄၃ ဒသမ ၆ ရာခိုင်နှုန်းထောက်ခံမှုရခဲ့ပါတယ်။ ထရမ့်က ဇန်နဝါရီ ၁၅ ရက်မှာကျင်းပခဲ့တဲ့ အိုင်အိုဝါး ပြည်နယ်အတွက် အလားတူ ပါတီအတွင်း သမ္မတလောင်းယှဉ်ပြိုင်မယ့်သူအတွက် ရွေးချယ်ပွဲမှာလည်း အနိုင်ရခဲ့တာကြောင့် ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းနေရာအတွက် ထရမ့်က ပြည်နယ်နှစ်ခုမှာ အနိုင်ရသွားခဲ့ပြီလို့ ဆိုရမှာပါ။

ရီပတ်ဘလစ်ကန်ပါတီရဲ့ တာဝန်ထမ်းဆောင်ဆဲမဟုတ်တဲ့ သမ္မတလောင်းတစ်ဦးအနေနဲ့ အခုလို ပါတီတွင်းအကြိုရွေးကောက်ပွဲရဲ့ ပထမဆုံးပြည်နယ်နှစ်ခုမှာ ဆက်တိုက်အနိုင်ရရှိတာမျိုးက ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ပြိုင်ဘက် နစ်ကီး ဟာလီကတော့ သမ္မတလောင်းနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ဖို့ သန္နိဌာန်ချထားတယ်လို့ပြောခဲ့ပါတယ်။ ဒါပေမယ့် သူမအနေနဲ့ ပါတီတွင်းအကြိုရွေးကောက်ပွဲမှာ ဘယ်ပြည်နယ်တွေမှာတော့ အနိုင်ရနိုင်သလဲ ရှင်းရှင်းလင်းလင်း ပြောကြားနိုင်ခြင်းမရှိသေးပါဘူး။

ထရမ့်အနေနဲ့ကတော့ ပြည်နယ်နှစ်ခုမှာ အနိုင်ရရှိပြီးတဲ့အပြင် ဖေဖော်ဝါရီလအတွင်းမှာကျင်းပမယ့် တောင်ကယ်ရိုလိုင်းနားပြည်နယ်အတွက် ပါတီတွင်းအကြိုရွေးကောက်ပွဲမှာလည်း သဘောထားကောက်ယူမှုတွေအရ ဦးဆောင်နေတယ်လို့သိရပြန်ပါတယ်။ နစ်ကီး ဟာလီက ၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ တောင်ကယ်ရိုလိုင်းနားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး၊၂၀၁၇ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်ပြည်ထောင်စု သံအမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူပါ။ ဒါ့ပြင် ထရမ့် က အခြားသောပြည်နယ်တွေအားလုံးလိုလိုအတွက်လည်း ပြည်နယ်အလိုက် ပါတီတွင်းအကြိုရွေးကောက်ပွဲတွေမကျင်းပခင် ဆန္ဒသဘောထားကောက်ယူမှုတွေ အားလုံးမှာ ဦးဆောင်နေခဲ့တယ်လို့ဆိုပါတယ်။

ဒါပေမယ့် နစ်ကီးကတော့ အံတုခေါင်းမာပြီး ဆက်လက်ယှဉ်ပြိုင်မယ်လို့ ပြောကြားနေဆဲပါ။ နစ်ကီးက “နယူး ဟမ့်ရှိုင်းယားပြည်နယ်က ဒါခုမှ ပါတီတွင်းအကြိုရွေးချယ်ပွဲရဲ့ ပထမဆုံးနေရာတစ်ခုပါ။ နောက်ဆုံးနေရာ၊ နောက်ဆုံးရလဒ်မဟုတ်ပါဘူး။ ဒီရွေးချယ်ပွဲပြီးဖို့ နောက်ထပ်ပြည်နယ်တွေအများကြီးကျန်ပါသေးတယ်” လို့ ဇန်နဝါရီ ၂၃ ရက်က ပြောခဲ့ပါတယ်။ ရီပတ်ဘလစ်ကန် တချို့ကတောာ့ နစ်ကီးကို ကိုယ့်ကိုယ်ကိုယ် လှည့်စားပြီး ဇွတ်မိုက်နေသူအဖြစ် ပြောခဲ့ကြပြန်ပါတယ်။

Ref ; themessenger, CNN

Leave a Reply

Your email address will not be published. Required fields are marked *