October 18, 2024

၂၃. ၁. ၂၀၂၄

Written by Hey Mar

ကွန်တိန်နာတင်ယာဥ်တစ်စီး အရှိန်လွန်မောင်းနှင်မှုကြောင့် လားရာတူယာဥ်ငယ်တစ်စီးကို ပွတ်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ် ဒီနေ့ ဇန်နဝါရီ ၂၃ ရက် ညနေ သုံးနာရီကျော်က အင်းစိန်မြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ဖြစ်စဥ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ သံမဏိစက်ရုံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး တွဲကားမောင်းသူယာဥ်မောင်းသာ ထိခိုက်ဒဏ်ရာ အဝါရောင်အဆင့် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ဒေသခံ Insein Volunteer Team တာဝန်ရှိသူက MT News ကို ပြောပါတယ်။

“ကားခေါင်းခန်းမှာ ယာဥ်မောင်းက ညပ်နေတာကို အန္တရာယ်ကင်းကင်းထုတ်ယူနိုင်အောင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေကို အကူအညီတောင်းရတယ်။ ညနေ လေးနာရီကျော်လောက်မှ ကယ်ထုတ်နိုင်ပါတယ်။ ဒဏ်ရာတွေက ခြေထောက်ကျိုးတယ်။ ခေါင်းကွဲ သွေးထွက်ဒဏ်ရာတွေ ရပေမယ့် ပြင်းထန်အဆင့်မဟုတ်ပါဘူး”လို့ Insein Volunteer Team တာဝန်ရှိသူက MT News ကို ပြောပါတယ်။

ဒဏ်ရာရယာဥ်မောင်းကို Insein Volunteer Team ၊ အင်းစိန်ကြက်ခြေနီအဖွဲ့၊ အနာဂတ်လူမှုကူညီရေးအသင်းနဲ့ တွဲလက်အသင်းတို့က မြေပြင်ကုသမှုတွေ ပြုလုပ်ပေးပြီး တွဲလက်အသင်း သူနာတင်ယာဥ်နဲ့အင်းစိန်ဆေးရုံ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ယာဥ်တိမ်းမှောက်မှုကြောင့် လမ်းပိတ်ဆို့မှု မဖြစ်စေဖို့ အချိန်နဲ့တစ်ပြေးညီ လမ်းပေါ်က တွဲကားကို ဖယ်ရှားနိုင်အောင် အင်းစိန်မီးသတ်တပ်ဖွဲ့နဲ့ ယာဥ်မှုစစ်တို့က ဆောင်ရွက်ပေးခဲ့ပြီး လမ်းပေါ်မှာယိုစိမ့်ဖိတ်စင်ခဲ့တဲ့ ဆီတွေကိုလည်း ရေ၊ သဲတို့နဲ့ ဖုံးအုပ်ဆေးကြောခဲ့တယ်လို့ သိရပါတယ်။

Photo -InseinVolunteerTeam

Leave a Reply

Your email address will not be published. Required fields are marked *