October 18, 2024

၂၃. ၁. ၂၀၂၄

Written by Min Mahar

မန္တလေးတိုင်းဒေသ​ကြီး၊ တံတားဦးမြို့နယ်၊ မန္တလေးမြို့ တံတားဦးလေဆိပ်အနီးရှိ လေတပ်စခန်းတွင် ယနေ့ (ဇန်နဝါရီ ၂၃ ရက်နေ့) ညနေ ၅ နာရီခန့်တွင် ပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများပြောပြချက်အရ ကနဦး သိရသည်။

“တံတားဦးလေဆိပ်အနီးမှာ ညနေကတော့ ပေါက်ကွဲသံတွေကြားလိုက်တယ်။ လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်တာလို့ကြားတာပဲ။ အတိအကျတော့မသိဘူး။ အသံကြားပြီး မကြာဘူး စစ်သားတွေ အများကြီး ကားတွေနဲ့သွားကြတာလည်းတွေ့တယ်”ဟု မြို့ခံတစ်ဦးက ဆိုသည်။

ယင်းဖြစ်စဉ်ကို မန္တလေးမြို့ပြအထူးစစ်ဆင်ရေး(Urban Special Operation – USO)အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟုလည်း ၎င်းတို့ တယ်လီဂရန်ချန်နယ်တွင် ဝန်ခံဖော်ပြထားသည်။ ထို့ပြင် ၎င်းတို့အဖွဲ့၏ ဖော်ပြမှုတွင် တာဝေးပစ် ၁၀၇ မမ ၁၂ လုံးဖြင့် ပစ်ခတ်ရန်ပြင်ဆင်ရာတွင် ၇ လုံး ချို့ယွင်းချက်ဖြစ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

အဆိုပါ လေတပ်စခန်းအား ပစ်ခတ်ရန်ပြင်ဆင်ထားသော ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးကို လုံခြုံရေးအဖွဲ့များက ရှာဖွေသိမ်းဆည်းနိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများ၏ ပြောဆိုမှုအရ သိရသည်။

ယင်း တံတားဦးလေတပ်စခန်းသည် မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ကပ်လျက်တည်ဆောက်ထားခြင်း ဖြစ်သည်။

ယနေ့ည ကနဦး သိရှိရသည် ပေါက်ကွဲမှုဖြစ်စဉ်သည် လေတပ်စခန်းအတွင်း အမှန်တကယ်ကျရောက်ပေါက်ကွဲခြင်း ဟုတ်/မဟုတ်ကြောင်းနှင့် ထိခိုက်ပျက်စီးမှုများကို MT News သတင်းဌာနအနေဖြင့် အတည်မပြုနိုင်သေးသော်လည်း အသေးစိတ်စုံစမ်းပြီးနောက် ပြန်လည်တင်ပြသွားမည် ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *