၂၃. ၁. ၂၀၂၄
Written by Nyein Kyaw
၂၀၂၃ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့သည့် အားကစားသမားများအား ပထမဆုများအတွက် ကျပ်သိန်း ၃၀၀ စီ၊ ဒုတိယဆုများအတွက် ကျပ်သိန်း ၂၀၀ စီနှင့် တတိယဆုများအတွက် ကျပ်သိန်း ၁၀၀ စီဖြင့် စုစုပေါင်းငွေကျပ်သိန်းပေါင်း ၃၉၀၀ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်၌ ယနေ့ ပြုလုပ်သည့် ၂၀၂၃ ခုနှစ်အတွင်း အာရှအဆင့်နှင့် ကမ္ဘာ့အဆင့် အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များအား နိုင်ငံတော်က ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားသို့ ကိုယ်တိုင်တက်ရောက်၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
အောင်မြင်မှုရရှိခဲ့သည့် ပြိုင်ပွဲများမှာ ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲနှင့် (၄)ကြိမ်မြောက် အာရှမသန်စွမ်းအားကစားပြိုင်ပွဲ၊ ရိုးမေးနီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ E-Sport ချန်ပီယံရှစ်ပြိုင်ပွဲ၊ ကိုရီးယားနိုင်ငံတွင် ကျင်းပပြုခဲ့သည့် (၁၄) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာလကြံ့ခိုင်မှုပြိုင်ပွဲ၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲနှင့် ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတို့တွင် အောင်မြင်မှု ဆုတံဆိပ်များရရှိခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များကို ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်သည်။
အထက်ပါ အာရှအဆင့်နှင့် ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် နိုင်ငံတော်အတွက် စုစုပေါင်း ရွှေတံဆိပ် (၅) ခု၊ ငွေတံဆိပ် (၅) ခု၊ ကြေးတံဆိပ် (၁၄) ခု စုစုပေါင်း ဆုတံဆိပ် (၂၄) ခု ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံလိုက်အဆင့် ၂၇ ရရှိခဲ့သည့်အတွက် အာရှအဆင့်တွင် ၂၀၁၈ ခုနှစ်ထက် အဆင့် ၈ ဆင့် တိုးတက်လာသကဲ့သို့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဖြင့် ကမ္ဘာ့အဆင့် (၁) အဖြစ် သတ်မှတ်ခြင်းခံခဲ့ရပြီး (၇)ကြိမ်မြောက် ကမ္ဘာ့ဗိုဗီနမ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် (၆) နေရာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။
၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက်လည်း ယခု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပဥ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကို ကျင်းပပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
လာမည့် ၂၀၂၅ ခုနှစ်၊ ထိုင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲနှင့် ၂၀၂၆ ခုနှစ် ဂျပန်နိုင်ငံတွင် ကျင်းပမည့် အကြိမ် (၂၀) မြောက် အာရှအားကစားပြိုင်ပွဲများတွင် မြန်မာနိုင်ငံအနေဖြင့် ယှဉ်ပြိုင်နိုင်မည့် အားကစားနည်း အရေအတွက်သာမက အားကစားသမားအရေအတွက်ပါ အဆင့်မီမီတိုးမြှင့် ယှဉ်ပြိုင်နိုင်ရန်နှင့် ယခုထက် အောင်မြင်မှုရရှိရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် လူရွေးချယ်ရေး၊ လေ့ကျင့်ရေး၊ အောင်နိုင်ရေး စီမံချက်များကို စနစ်တကျ ရေးဆွဲကြိုတင်ပြင်ဆင် စီမံဆောင်ရွက်ရန် SAC ဥက္ကဋ္ဌက တိုက်တွန်း ပြောကြားခဲ့သည်။