October 18, 2024

၂၃. ၁. ၂၀၂၄
Written by Ye Kyaw

“သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကိုယ်တိုင်ဦးဆောင်၍ စည်းမျဉ်းများနှင့် စံလုပ်ထုံး လုပ်နည်းများ စတင်ရေးဆွဲပြုစုနေ၍ စိတ်ပါဝင်စားသည့် သိုလှောင်ရုံလုပ်ငန်းရှင်များ စတင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ယနေ့တွင် အသိပေးကြေညာထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် တောင်သူလယ်သမားများ သီးနှံပေါ်ချိန်တွင် ငွေလိုအပ်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း စသည့်လုပ်ငန်း အခက်အခဲများကြောင့် ရသင့်ဈေးနှုန်းဖြင့် သီးနှံများကို ရောင်းချရသည့် အခက်အခဲများအပေါ် အထောက်အကူပြု ဖြေရှင်းနိုင်ရေးအတွက်လည်းကောင်း၊ မျိုးစေ့ထုတ်လုပ်သူများ အနေဖြင့်လည်း အလားတူအခြေအနေများကြောင့် မျိုးစေ့လိုအပ်သည့် ပြဿနာများကို ဖြေရှင်းနိုင်ရေးအတွက်လည်းကောင်း “သိုလှောင်ရုံ ကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” (Warehouse Receipt Financing System-WRFS) ကို စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အစီအစဉ် ဖြစ်မြောက်ရေးအတွက် “သိုလှောင်ရုံ ကုန်အပ် လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်” အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ (Task Force) ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်ဖွဲ့စည်းလျက် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ရေးဆိုင်ရာ စည်းမျဉ်းများ (Regulation) နှင့် စံလုပ်ထုံးလုပ်နည်းများ (Standard Operation Procedure-SOP) ရေးဆွဲပြုစုခြင်းတို့ကို (Working Group) မှ စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ အစီအစဉ်တွင် ပါဝင်လျှောက်ထားမည့် သိုလှောင်ရုံများအနေဖြင့် ကိုယ်ပိုင်ဖြစ်ပြီး မီးအာမခံထားရှိခြင်း၊ ကြက်၊ ငှက်၊ စသည့် တိရစ္ဆာန်များ ဝင်ရောက်နိုင်မှုမရှိစေရန် ဆောင်ရွက်ထားရမည်ဖြစ်ကာ ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေးအတွက် သက်ဆိုင်ရာဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်သည့်အပြင် သိုလှောင်ရုံတွင် လုံလောက်သည့် သီးနှံအခြောက်ခံစက်ရှိရမည်ဖြစ်သည်။

ထို့ပြင် Myanmar Rice Online- MyRO တွင် မှတ်ပုံတင်ထားသည့် သိုလှောင်ရုံဖြစ်ရမည်ဖြစ်ပြီး WRFS အစီအစဉ်အတွက် ကိုက်ညီမှုရှိသော သိုလှောင်ရုံဖြစ်ရန်နှင့် ဝန်ကြီးဌာနမှ အခါအားလျော်စွာ သတ်မှတ်သော စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်နိုင်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *