October 18, 2024

၂၃. ၁. ၂၀၂၄
Written by Pan Ei

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လန်ပူလေဆိပ်မှာ မြန်မာ့တပ်မတော် လေယာဉ်တစ်စင်း ဒီနေ့(ဇန်နဝါရီ ၂၃ ရက်) က ပျက်ကျပြီးနောက် လူခြောက်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ပျက်ကျခဲ့တဲ့ လေယာဉ်ပေါ်မှာ လေယာဉ်မှူး အပါအဝင် လူ ၁၄ ဦး လိုက်ပါလာပြီး ဒဏ်ရာရသူတွေကို လန်ပူဆေးရုံကို ပို့ဆောင်ထားတယ်လို့ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ပါတယ်။

ကနဦးသတင်းတွေအရ အဆိုပါလေယာဉ်ဟာ မကြာသေးမီက အိန္ဒိယနိုင်ငံအတွင်းကို ဆုတ်ခွာခဲ့တဲ့ မြန်မာ့တပ်မတော်သားတွေကို ခေါ်ယူဖို့ ရောက်ရှိလာပြီး လန်ပူ လေဆိပ်မှာ ပြေးလမ်းချော်ပြီးနောက်မှာ ပျက်ကျပျက်စီးသွားခဲ့တာဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က မီဇိုရမ်ပြည်နယ်ကို မြန်မာ့တပ်မတော်သား စုစုပေါင်း ၂၇၆ ဦး ဆုတ်ခွာဝင်ရောက်ခဲ့ပြီး သူတို့ထဲက ၁၈၄ ဦးကို တနင်္လာနေ့က ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ မြန်မာ့တပ်မတော်သားတွေကို မိခင်နိုင်ငံကို ပြန်ပို့ဖို့ Aizawl မြို့အနီးရှိ လန်ပူလေဆိပ်ကနေ အိမ်နီးချင်း ရခိုင်ပြည်နယ် စစ်တွေမြို့ကို မြန်မာ့လေတပ်က လေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ပေးနေခြင်းဖြစ်ကာ ကျန်တဲ့ တပ်မတော်သား ၉၂ ဦးကို ဒီနေ့ ပြန်လည်ပို့ဆောင်ဖို့စီစဉ်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။

Ref; The Hindustantimes

Leave a Reply

Your email address will not be published. Required fields are marked *