October 18, 2024

၂၃. ၁. ၂၀၂၄
Written by Nay Moe

မန္တ​လေးတိုင်း​ဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံနယ်မြေရဲစခန်းက ဒုရဲအုပ်၊ ရဲမေဇနီးမောင်နှံ အပါအဝင် ရဲတပ်ဖွဲ့ဝင် ၅ ဦးနဲ့ အရပ်သား ၁ ဦး စုစုပေါင်း ၆ ဦးကို မြင်းခြံ PDF သုံးဖွဲ့ပေါင်းပြီး ပစ်ခတ်သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဇန်နဝါရီ ၂၂ ရက်​၊ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ မြင်းခြံမြို့နယ်၊ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားအတွက် လူတွေ့ဆေးစစ်ဆေးမှုခံယူပြီး၊ ဆီမီးခုံနယ်မြေရဲစခန်းကို ​မော်​တော်ယာဥ်နဲ့ ပြန်လာတဲ့ ဒုရဲအုပ် ထင်အောင်ကျော် (၃၇) နှစ်၊ ရဲဒုတပ်ကြပ် စိုးဇေယျာမင်း (၃၂) နှစ်၊ ရဲတပ်သား အောင်သူရထွန်း (၂၅) နှစ်၊ ရဲတပ်သား မသော်သော်မျိုး (၂၆) နှစ်နဲ့ ခင်ပွန်း ဦးအောင်ဖြိုးသန့် (၂၃) နှစ်၊ အခြားရဲမေတစ်ဦးတို့ဟာ မြင်းခြံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ထွက်ခွာလာပြီး၊ တောပုကျေးရွာနဲ့ ဆင်းဂွတ်ကျေးရွာကြား၊ မြင်းခြံ-ဆီမီးခုံသွားကားလမ်းအရောက် အသင့်​စောင့်​နေကြ​တဲ့ PDF ၂၀ ခန့်က လမ်းဘေးကနေ တရစပ်ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ယာဥ်​ပေါ်ပါ ၆ ဦးစလုံး ​သေဆုံးခဲ့​တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ကျုးလွန်တဲ့ မြင်းခြံ PDF သုံးဖွဲ့က MP-9၊ တလုပ်PDF(ရင်း၂) နဲ့ မိုင်းရာဇာအဖွဲ့တို့ဖြစ်ပြီး ရဲမေ ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၄ ဦးကို သတ်ဖြတ်နိုင်ခဲ့တဲ့အပြင် G3 (၂)လက်နဲ့ အူဇီ(၁)လက်တို့ သိမ်းယူခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *