October 18, 2024

၂၃. ၁. ၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခွန်သင်းခရိုင်အတွင်း အဆောက်အအုံတစ်ခုမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို အပိုင်းပိုင်း ခုတ်ထစ်သတ်ဖြတ်ကာ ရေခဲသေတ္တာအတွင်း ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ထည့်ထားခဲ့တဲဲ့လူသတ်မှုမှာ သံသယရှိသူနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က စုံစမ်းသိရှိခဲ့ပြီး လက်ရဖမ်းဆီးနိုင်ဖို့ ဆက် လက်ဆောင်ရွက်နေတယ်လို့ ဇန်နဝါရီ ၂၂ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒုတိယရဲမှူးကြီးချာကရီ ဒစ်ဂျေက အဆိုပါသံသယရှိရသူ နှစ်ဦးက အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး အသက် ၂၇ နှစ်ရှိ ဂူနာလန် ဒယ်လ်ဗာဆီဂါမာနီနဲ့ အသက် ၂၃ နှစ်ရှိ ဆန်ဒါရာဗယ်လ် ပရာဂါဒစ်ရှ် ကူးမားတို့ ဖြစ်ကြတယ်လို့ ပြောခဲ့ပါတယ်။ အသတ်ခံရသူက အသက် ၃၅ နှစ်ရှိ အစိုင်းကြည်ဆိုသူ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး အိန္ဒိယနွယ်ဖွားတစ်ဦးပဲဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ရဲ့ စီစီတီဗီတွေကို စစ်ဆေးချက်မှာ ကူးမားက ထရပ်ကားတစ်စီးကိုမောင်းပြီး ဝယ်ယူလာတဲ့ရေခဲ သေတ္တာကိုသယ်ကာ ဂူနာလန်နဲ့အတူ အဆောက်အအုံအတွင်း ပြန်မောင်းဝင်လာကြတာတွေ့ရပါတယ်။ အဲဒီရေခဲသေတ္တာအတွင်းမှာတော့ အသတ်ခံရသူ အစိုင်းကြည်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုတွေ့ခဲ့တာပါပဲ။ရဲတပ်ဖွဲ့ရဲ့ မျက်မြင်သက်သေတွေကို မေးမြန်းချက်တွေအရ ကူးမားနဲ့ ဒယ်လ်ဗာဆီဂါမာနီတို့နှစ်ဦးဟာ အဆောက်အအုံအတွင်း ကားအနီတစ်စီးနဲ့ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲ ၃ နာရီ လောက်က ရောက်ရှိလာခဲ့ကြတာတွေ့ရတယ် ဆိုပါတယ်။ သူတို့နှစ်ဦးစလုံးက လူသတ်မှုကိုကျူးလွန်ပြီးတဲ့နောက်မှာတော့ အိန္ဒိယနိုင်ငံ၊ ချန်နိုင်းမြို့ကို ထွက်ပြေးလွတ်မြောက်သွားခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့ကပြောခဲ့ပါတယ်။

သေဆုံးသူ အစိုင်းကြည်က ထိုင်းနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးမဟုတ်ဘူးလို့လည်း သိရပါတယ်။ ကူးမားကတော့ ထိုင်းနိုင်ငံအတွင်း တရားဝင် ဝင်ရောက်ကာ အစပိုင်းမှာတော့ ကုန်သွယ်ရေးကုမ္ပဏီတည်ထောင်ထားပါတယ်။ ဒါပေမယ့် တကယ်တော့ ကုမ္ပဏီက အစိုင်းကြည်လို တရားမဝင် ဝင်ရောက်လာသူတွေအပါအဝင် ထိုင်းနိုင်ငံသို့ လာရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို နေရာချ၊အလုပ်ရှာပေးတဲ့လုပ်ငန်းကို လုပ်ဆောင်နေတဲ့ အလုပ်ပွဲစားကုမ္ပဏီတစ်ခုပါ။

နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို အိန္ဒိယလူမျိုးတစ်ဦးက နယ်စပ်မှ သွားရောက်ခေါ်ယူခဲ့ကာ အဆိုပါအဆောက်အအုံသို့ ဇန်နဝါရီ ၁၄ ရက်က ရောက်ရှိလာကြတာပါ။ သူတို့က အလုပ်ရရှိဖို့အတွက် တစ်ဦးကို ဘတ် ၇၀၀၀ စီပေးဖို့ တောင်းခံခြင်းခံခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ လူသတ်မှုက လူကုန်ကူးမှုနဲ့ ဆက်စပ် ဖြစ်ရခြင်းလို့ ခန့်မှန်းထားပါတယ်။

ထိုင်းနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့အကြား ပြစ်မှုကျူးလွန်သူတွေကို ကျူးလွန်ရာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးဖို့ သဘောတူညီချက်ရှိတာကြောင့် ထွက်ပြေးသွားတဲ့ အိန္ဒိယနိုင်ငံသားလူသတ်မှု ကျူးလွန်သူတွေလို့ ယူဆရသူ နှစ်ဦးကို ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ပေးပို့ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

Ref – Khaosod, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *