October 18, 2024

၂၃. ၁. ၂၀၂၄
Written by Pan Ei

ပီနန် မလေးရှား ရေကြောင်း ထိန်းသိမ်းရေး အေဂျင်စီ (MMEA) က ဇန်နဝါရီ ၂၁ ရက်က ပြည်နယ်ရေပိုင်နက်ထဲကို စစ်ဆေးခဲ့ရာမှာ မြန်မာနိုင်ငံသားတွေပါတဲ့ တရားမဝင် ငါးဖမ်းစက်လှေ နှစ်စီးနဲ့ အခြားတစ်စီးကို ပြစ်မှုအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

MMEA ရဲ့တာဝန်ရှိသူတစ်ဦးက နိုင်ငံခြားသားတွေ လုပ်ကိုင်နေတဲ့ စက်လှေ ၃ စီးကို Pulau Kendi ကျွန်းကနေ အနောက်တောင်ဘက် ရေမိုင် ၁၀ ဒသမ ၅ ကနေ ၄၂ မိုင်ခန့် အကွာမှာ သီးခြားစီ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

တရားဝင် ငါးဖမ်းခွင့်ပါမစ်မရှိတဲ့အပြင် ရေမိုင် ၁၅ အောက်မှာ ငါးဖမ်းနေတယ်လို့ သံသယရှိတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးဆောင်ရွက်နေချိန် ဇန်နဝါရီလ ၂၁ ရက် နံနက် ၂ နာရီခွဲမှာ မြန်မာသင်္ဘောသားလေးဦးပါတဲ့ ပထမဆုံးလှေကို ဖမ်းဆီးမိခဲ့ပြီး အဲ့ဒီနောက်မှာ မြန်မာသင်္ဘောသားငါးဦးနဲ့ လည်ပတ်နေတဲ့ ဒုတိယမြောက်လှေကို Pulau Kendi ကျွန်းရဲ့ အနောက်တောင်ဘက် ရေမိုင် ၄၂ အကွာမှာ ပုံမှန်ကင်းလှည့်နေစဉ် ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးခံရသူတွေက အသက် ၂၄ နှစ်ကနေ ၄၅ နှစ်ကြားရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဖမ်းဆီးခံရသူတွေဟာ ၁၉၈၅ ခုနှစ် ငါးလုပ်ငန်းဥပဒေ ပုဒ်မ ၈ (ခ) အရ တရားဝင်လိုင်စင်ပါ စည်းကမ်းချက်တွေကို ချိုးဖောက်တယ်လို့ သံသယရှိကာ MMEA က ပင်လယ်ထွက်ကုန် ကီလိုဂရမ် ၁၀၀၀ ခန့်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ထိုင်းသင်္ဘောသားငါးဦးပါတဲ့ တတိယလှေတစ်စင်းကိုလည်း ဖမ်းဆီးခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; News Straits Times

Leave a Reply

Your email address will not be published. Required fields are marked *