၂၂. ၁. ၂၀၂၄
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဒဂုံမြို့နယ် ၊ ၁၆ ရပ်ကွက် မူကြိုကျောင်းလမ်းမှာ ရုပ်အလောင်းလာရောက်စွန့်ပစ်သွားတဲ့ ဖြစ်စဥ် မနေ့က ဇန်နဝါရီ ၂၂ ရက်ည ၈ နာရီအချိန်မှာ ဖြစ်ပွားခဲ့တယ်လို့ ဝန်းရံမှူးလူမှုကူညီရေးအသင်းကနေ သိရပါတယ်။
အသင်းတာဝန်ရှိသူက” Body က လာပစ်သွားတာ။ ဒဏ်ရာတွေနဲ့။ ဒဏ်ရာတွေကိုကြည့်တော့ ကားတိုက်ခံထားရတာဖြစ်ဖို့များတယ်။ ခြေထောက်လည်း ကျိုးနေတယ်။ လက်မှာလည်းဒဏ်ရာတွေနဲ့။ အဖြစ်နိုင်ဆုံးက ကားနဲ့တိုက်ပြီး ဒဏ်ရာရသွားတဲ့သူကို ဆေးရုံပို့ပေးမယ်ဆိုပြီး ကားပေါ်ခေါ်တင်လာတာ လမ်းမှာဆုံးသွားလို့ လူရှင်းတဲ့နေရာ ရှာပစ်သွားတာဖြစ်နိင်တယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။
ရဲလုပ်ငန်းစဥ်တွေအပြီးမှာ ရုပ်အလောင်းကို မြောက်ဥက္ကလာပဆေးရုံကို ပို့ဆောင်ပေးခဲ့ပြီး အဲဒီနေ့ည ကားတိုက်မှုဖြစ်ပြီး လူနာသယ်သွားတာမျိုးရှိမရှိကို အသင်းအဖွဲ့ အချင်းချင်းစကားပြောစက်တွေကနေတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ရာ Parlayar Fighter Group အသင်းအဖွဲ့က မင်္ဂလာဒုံဘက်မှာ ရှိကြောင်း အကြောင်း ပြန်ကြားလာတဲ့အတွက် လူနာရှင်ရှာဖွေပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဝန်းရံမှူး လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူက “ဓာတ်ပုံပို့ပေးလိုက်တော့ အနှိုင်းမဲ့တိမ်ပန်းချီအသင်းက သွားစုံစမ်းပေးတယ်။ နောက်ဆုံးတော့လည်း သေဆုံးသူရဲ့ဇနီးနဲ့အဆက်အသွယ်ရပြီး ချိတ်ဆက်ပေးနိင်ခဲ့ပါတယ်” လို့ ဆိုပါတယ်။