October 18, 2024

၂၂. ၁. ၂၀၂၃
Written by Nyein Kyaw

အွန်လိုင်း လောင်းကစားဂိမ်းများ ဖမ်းဆီးရာတွင် ၎င်းတို့အသုံးပြုသည့် ငွေလွှဲပြောင်းသည့် ဘဏ်လမ်းကြောင်းကို တိုက်ရိုက်စစ်ဆေးခွင့်မရဘဲ ဗဟိုဘဏ်ကို အဆင့်ဆင့်တင်ပြနေရခြင်းကြောင့် ဖမ်းဆီးနိုင်မှုအားနည်းပြီး SIM Card ပိတ်ချမှုကိုသာ အဓိကလုပ်ဆောင်နေရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးညွှန့်ဝေက ယနေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် မိုဘိုင်းပေးချေမှုလမ်းကြောင်းများမှတစ်ဆင့် ငွေကြေးလိမ်လည်မှုတားဆီးရေး အသိပညာပေးဆွေးနွေးပွဲတွင် MT News ၏ အွန်လိုင်း လောင်းကစားများက တရားဝင်ဘဏ်လမ်းကြောင်းများကို အသုံးပြုနေမှုနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။

“လောင်းကစားအသုံးပြုတဲ့ ဖုန်းနံပါတ်တွေ သေချာပေါက် K-Pay၊ Wave-Pay တစ်ခုခုနဲ့ဖွင့်ထားရင် သူတို့ဆီက အချက်အလက်ကို ရပြီဆိုရင် အဲဒီလူကို ကိုယ်ထိလက်ရောက် မှတ်ပုံတင်အတုဖြစ်နေရင်တော့ ကျွန်တော်တို့ မတက်နိုင်ဘူး။ ကိုယ်ထိလက်‌ရောက် သူ့ရဲ့နေရပ်လိပ်စာရမယ်။ စုံစမ်းမယ်။ ဖမ်းဆီးမယ်။ အခု ဗဟိုဘဏ်လမ်းကြောင်းကနေမှ ခွင့်ပြုမှ ကျွန်တော်တို့ကို ပေးပါဆိုတဲ့အခါမှာ ကျွန်တော်တို့က အဲဒီသုံးစွဲသူ အချက်အလက်ကို မယူတော့ဘူး။ SIM Card ကို ပိတ်ချလိုက်တယ်။ ဒါက ဒီပွဲမှာ ကျွန်တော်လည်းပဲ ဒီအခွင့်အရေးလေးတစ်ခုတော့၊ ဒါကျွန်တော့်အခွင့်အရေးမဟုတ်ပါဘူး။ ဒီအခွင့်အရေးလေးတစ်ခုကို ပြန်ပေးဖို့ တင်ပြသလို စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်” ဟု ရဲမှူးကြီးညွှန့်ဝေက ပြောကြားသည်။

လက်ရှိအချိန်တွင် သက်ဆိုင်ရာ ဘဏ်လမ်းကြောင်းမှ ငွေပေးချေမှုကို တိုက်ရိုက်စစ်ဆေးခွင့် မရတော့ဘဲ ပြည်ထဲရေးဝန်ကြီးဌာနမှ ဗဟိုဘဏ်သို့၊ ဗဟိုဘဏ်မှ သက်ဆိုင်ရာဘဏ်များသို့ အကြောင်းကြားရခြင်း အဆင့်ဆင့်ကို လုပ်ဆောင်နေရခြင်းတို့ကြောင့် အချို့သော တရားခံများကို အမိအရဖမ်းယူနိုင်မှု အားနည်းခဲ့ကြောင်း သိရသည်။

“သူက ရုပ်ပုံလေးတွေပဲ ပြထားတယ်။ ပြီးရင် ဖုန်းနံပါတ်ပေးထားတယ်ဆိုတော့ ကျွန်တော်တို့က ဒီဖုန်းနံပါတ်ကလည်း Registration လုပ်မထားဘူး။ မလုပ်တဲ့အတွက်ကြောင့်မို့ နောက်က K-Pay တို့ ဘာတို့က ထောက်ကြည့်တယ်။ ခုနက ကျွန်တော်ပြောတဲ့ ဗဟိုဘဏ်ဘက်က ပြန်သွားပါဆိုတဲ့ဟာကျတော့ အဆင့်က ဗဟိုဘဏ်က ကျွန်တော်တို့ကနေမှ နယကကိုတင် နယက,ကနေ ပြည်ထဲရေးကနေမှ ဗဟိုဘဏ်၊ ဗဟိုဘဏ်ကနေမှ ကမ္ဘောဇ၊ ကမ္ဘောဇကနေမှ ဒီဘက်ပြည်ထဲရေးဆိုတော့ ဒီလမ်‌ကြောင်းကြီးက အရမ်းရှည်လျားလွန်းအားကြီးတယ်။ ဒါကြောင့်မို့ ဒီလမ်းကြောင်းကို ဖွင့်ပေးပါလို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌကြီးအရှေ့မှာလည်း တင်ပြခဲ့တာဖြစ်ပါတယ်” ဟု ရဲမှူးကြီးညွှန့်ဝေက ပြောကြားသည်။

လက်ရှိတွင် အွန်လိုင်းလောင်းကစားနှင့် ပတ်သက်သည့်အမှုများကို တစ်နေ့လျှင် ၁၀ မှုမှ ၁၅ မှုအထိ ဖြေရှင်းနေရခြင်းဖြစ်ပြီး အွန်လိုင်းလောင်းကစားမှုနှင့် သက်ဆိုင်သည့် SIM Card များပိတ်သိမ်းလျက်ရှိရာ လက်ရှိအချိန်အထိ SIM Card ပေါင်း ၈၈၁ ခုအထိ ပိတ်ချထားသလို ပိတ်သိမ်းမှုများကို ဆက်လက် ဆောင်ရွက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *