
၂၁. ၁. ၂၀၂၄
Written by Nay Moe
PDF များ ထောင်ထားသည့် မိုင်းနင်းမိရာမှ မြိတ်မြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော် မိုင်းစထိမှန်ဒဏ်ရာရခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယခုထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၁၉ ရက် နံနက် ၁၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ချောင်းတူးငယ်ကျေးရွာရှိ မေတ္တာဝါဒီဘုန်းကြီးကျောင်းမှ မြိတ်မြို့နယ် သံဃာ့နာယကအဖွဲ့ဝင် ဆရာတော် ဦးဝါသဝသီရိ(၄၅)နှစ် (၂၅)ဝါသည် RLG/6800 FORTUNER မော်တော်ယာဉ်ဖြင့် မြိတ်မြို့မှ သရက်ချောင်းမြို့ဘက်သို့ မြိတ်- ထားဝယ်ကားလမ်းအတိုင်း ထွက်ခွာလာစဉ် သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အဖွဲ့က ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့သဖြင့် ပေါက်ကွဲမှုကြောင့် ဆရာတော် ဦးဝါသဝသီရိတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး သရက်ချောင်းမြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်သည့်အချိန်မှ ၂၀၂၃ ခုနှစ် နိုဝင်ဘာလဆန်းအထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်အပါအဝင် နိုင်ငံဝန်ထမ်းများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဆရာဆရာမနှင့် ကျောင်းသားကျောင်းသူများစသည့် ပြည်သူ ၆၇၀၀ ကျော်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF နှင့် EAOs တို့၏ သတ်ဖြတ်မှုခံထားရသည်။