MT News
Written by Tha Doe
ပြည်ပငွေလွှဲလုပ်ငန်း ကုမ္ပဏီများကြီးကြပ်ရေး လက်စွဲပြုစုထားပြီးဖြစ်၍ ပြည်ပငွေလွှဲကုမ္ပဏီများကို မကြာမီသွားရောက် စစ်ဆေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောကြားသည်။
အဆိုပါ ပြောကြားမှုကို စက်တင်ဘာ ၁၉ ရက်တွင် Virtual စနစ်ဖြင့် ကျင်းပသည့် ဘဏ်လုပ်ငန်းကဏ္ဍတွင် AML/CFT ဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များနှင့် ဘဏ်များ ဆက်လက်ဆောင်ရွက်ရမည့် အချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ FATF (Financial Action Task Force)
၏ တိုးမြှင့် စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring)မှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းလည်း ထည့်သွင်း ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် Action Plan ပါ အချက်များအနက် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေ မြင့်မားသည့်အပိုင်းများ အပါအဝင် Onsite နှင့် Offsite စစ်ဆေးခြင်းကို အချိန်မီဆောင်ရွက်ခဲ့သည့်အတွက် ကြီးမားစွာ လိုက်နာဆောင်ရွက်ကြောင်း (Largely Addressed) အဆင့်သတ်မှတ်ချက် ရရှိထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဘဏ်များ၏ အကြီးအကဲများ၊ အမှုဆောင်များ၊ စီမံခန့်ခွဲမှုအဖွဲ့များအနေဖြင့် AML/CFT ၏ အရေးကြီးပုံကို ကိုယ်တိုင်ကောင်းစွာ နားလည်သဘောပေါက်ပြီး မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ်ဆောင်ရွက်သွားရန်၊ မိမိဘဏ်၏ Compliance Team ကို လိုအပ်သည့် လမ်းညွှန်မှုများ၊ လုပ်ပိုင်ခွင့်များနှင့် ပံ့ပိုးမှုများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက် သွားရန်နှင့် ဘဏ်များ၏ လျှိဝှက်ထားရန် တာဝန်ကိုကျိုးပေါက်မှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ပြည်ပငွေလွှဲလုပ်ငန်း ကုမ္ပဏီများကြီးကြပ်ရေး လက်စွဲပြုစုထားပြီးဖြစ်၍ ပြည်ပငွေလွှဲကုမ္ပဏီများကို မကြာမီသွားရောက် စစ်ဆေးမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ၌ FATF ၏ တိုးမြှင့်စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring) တွင် ထည့်သွင်းခြင်းခံရပြီးနောက် လေးလလျှင်တစ်ကြိမ်၊ အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းအဖွဲ့ (APJG)မှ မြန်မာနိုင်ငံ၏ တိုးတက်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြလျက်ရှိကြောင်း သိရသည်။